ဖရူဆိုရှိ စိုက်ပျိုးမြေ ဧက ၂၇၀၀ ခန့် စစ်တပ်သိမ်းဆည်း

ဖရူဆိုရှိ စိုက်ပျိုးမြေ ဧက ၂၇၀၀ ခန့် စစ်တပ်သိမ်းဆည်း
by -
အားမီ

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းရှိ ဒေသခံ များ၏ စိုက်ပျိုးမြေဧက၂၇၀၀ ခန့်ကို စစ်တပ်က သိမ်းဆည်းလိုက်၍  စိုက်ပျိုးရေးလုပ်ငန်းများ ရပ်တန့်လိုက်ရပြီး အလုပ်အကိုင်အခက်အခဲများ ကြံုတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

“အခုဆို ဘာလုပ်စားမလဲလို့မေးရင် ဘယ်လိုဖြေရမလဲ မသိဘူး အဲ့ဒီလိုဖြစ်နေတယ်။” ဟု ဖရူဆိုမြို့နယ်၊ ကေးလျား အုပ်စုမှ ဒေသခံတစ်ဦးကပြောသည်။

ဖရူဆိုမြို့နယ်၊ အရှေ့တောင်ဘက်(၅) မိုင်အကွာ မြို့မအုပ်စု၊ ကေးလျားအုပ်စု၊ မာခရော် ရှေ့အုပ်စု အပြင် အနီးဝန်းကျင်ရှိ ကျေးရွာ(၉)ရွာမှ အိမ်ခြေ ၅၀၀ ခန့်၏ စိုက်ပျိုးမြေများကို အမှတ်(၁၄) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန် အတွက် သိမ်းဆည်းခြင်း ဖြစ်သည်ဟု သိရသည်။

စိုက်ပျိုးမြေများ သိမ်းဆည်းလိုက်၍ ယခုအခါ လယ်မြေသစ်များ ထပ်မံရှာဖွေပြီး ပြောင်းရွှေ့စိုက်ပျိုး နေကြရသည်ဟု ကေးလျား ဒေသခံက ဆက်ပြောသည်။

“တောင်ကြို၊ တောင်ကြားတွေ၊ တောင်ပေါ်တွေမှာ နေရာအသစ်ရှာပြီး လုပ်ရတာလေ၊ ဒီမှာက အလုပ်ဆိုတာက တောင်ယာ စိုက်တာတို့ပဲ ရှိတာကိုး၊ လုပ်နေကျ နေရာမှာ မလုပ်ရဘူးဆိုတော့ ရရာနေရာ ရှာရတာ။”

စစ်တပ်က စိုက်ပျိုးမြေများ သိမ်းဆည်းမှုကို သက်ဆိုင်ရာ ဒေသအာဏာပိုင်ထံ တိုင်ကြားစာ ပေးပို့ခဲ့သော် လည်း ထိုမြေများသည် နိုင်ငံပိုင် မြေလွတ်မြေရိုင်းဆိုသည့် အကြောင်းပြချက်နှင့် ထိရောက်စွာဆောင်ရွက် ပေးခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေကြမ်းတွင် လယ်ယာမြေများအား အဓမ္မသိမ်းယူခွင့် မရှိသလို နိုင်ငံတော် စီမံကိန်းများအတွက် သိမ်းယူရာတွင် သမ္မတ၏ အမိန့်ဖြင့်သာ သိမ်းယူခွင့်ရှိကြောင်း ထည့်သွင်းထားသည်။ ထို့အပြင် သိမ်းဆည်းခံရသည့် လယ်ယာမြေများအား ထိုက်သင့်သည့် နစ်နာကြေး ပေးရန်လွှတ်တော် အမတ်များက အဆိုပြုထားသည်။

အစိုးရတပ်မှ သိမ်းဆည်းမြေများကို ကာလတန်ဖိုးအတိုင်း လျော်ကြေး ပေးခြင်းမရှိဘဲ မြေ တစ်ဧကလျှင် ကျပ် ငါးသောင်းနှုန်း သတ်မှတ်ပြီး မေလ (၂) ရက်နေ့က ထုတ်ပေးသော်လည်း “ဒီငွေ ငါးသောင်းဆိုတာက ဘာမှလုပ်မရဘူး၊ အခုက အရမ်းနစ်နာတယ်၊ အရင်ကဆို ဒီမှာက တစ်ဧကကို တစ်သိန်း၊ နှစ်သိန်းအဲ့ဒီလို ရနေကြ၊ နောက်နှစ်တွေကျရင်လည်း ဘာဆက်လုပ်ရမလဲ မသိတော့ဘူး။” ဟု မာခရော်ရှေ့ ကျေးရွာအုပ်စုမှ ဒေသခံ ခူးကူးရယ် က ပြောသည်။

စိုက်ပျိုးမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံ တောင်သူများ စုပေါင်းလက်မှတ်ရေးထိုးကာ ကယားပြည်နယ်၊ ဝန်ကြီးချုပ်ထံ လိပ်မူပြီး လွန်ခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့သည်။ ထို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်အား မိတ္တူ ပေးပို့ထားသည်ဟု ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ဇူလိုင်လကတည်းက တပ်မတော် တန်းမြင့် လေ့ကျင်ရေးကျောင်း တည်ဆောက်ရန် ဆောက်လုပ်ရေးပစ္စည်းများ ရောက်ရှိနေပြီး မြေညှိခြင်း၊ လမ်းဖောက်ခြင်းများ စတင် လုပ်ကိုင်နေသည့်အပြင် လုံခြံုရေးများ ထပ်မံတိုးချဲ့ထားသည်ဟုလည်း သိရသည်။

ယင်းဒေသတွင် ယခင်က အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၅၇၅ နှင့် ခမရ ၅၇၆ တပ်များ လှုပ်ရှားနေပြီး ယခုအခါတွင် ခမရ ၄၂၈ တပ်ရင်း တရင်း ထပ်တိုးလာသည်ဟု ကရင်နီ လူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာန(KFWTC)မှ တာဝန်ခံ ဘားမားနိုင်က ပြောသည်။

Most read this week