ဓါတ်ငွေ့ပိုက်လိုင်း နေရာများတွင် အစိုးရနှင့် KIA တိုက်ပွဲ ပြင်းထန်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ

ဓါတ်ငွေ့ပိုက်လိုင်း နေရာများတွင် အစိုးရနှင့် KIA တိုက်ပွဲ ပြင်းထန်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိ
by -
ဇော်ကြီး

တရုတ်ပြည်သို့ သွယ်တန်းမည့် ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မည့် နေရာများတွင် အစိုးရတပ်ဖွဲ့နှင့် ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIAတပ် ဖွဲ့တို့ ယခု ရက်ပိုင်းအတွင်း တိုက်ပွဲအရှိန် ပိုမိုပြင်း ထန်လာခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိကြောင်း KIO ကပြောသည်။

ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃) ရင်းအား အစိုးရက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိသည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။

“မနေ့ညက ရတဲ့ စာရင်းအရတော့ ကျနော်တို့ဖက်မှာ ဗိုလ် တစ်ယောက် ကျသွားတယ်ခင်ဗျ။ အနည်းဆုံး နှစ်ယောက်တော့ ဒဏ်ရာရတာမျိုး ရှိတယ်။ ရွာသားတွေ ပြောပြချက်အရ သူတို့ဖက်မှာ (၁၅၀) ပတ်ဝန်း ကျင်တော့ ထိခိုက်၊ ကျဆုံး ဒဏ်ရာရတယ်လို့ သိရတယ်။ အခုဆိုရင် မန်ဂျယ် ဆေးရုံမှာ အယောက် (၆၀) လောက််က ဆေးရုံထဲမှာ   ပြည့်လျှံနေတယ်လို့ ပြောတယ်ခင်ဗျ။”

ယင်းကိစ္စနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။ တရုတ်နှင့် မြန်မာအစိုးရတို့ နှစ်နိုင်ငံ စီးပွားရေးအရ ဖောက်လုပ်နေသည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းသွားရာ ယင်းဒေသ အား အစိုးရက ထိန်းချုပ်နိုင်ရန် အစိုးရတပ်ဖွဲ့ဝင် အင်အား (၁၀၀၀) ခန့်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဦးလနန်က သုံးသပ် ပြောဆိုသည်။

KIA တပ်ရင်း (၂)၊ တပ်ရင်း(၈) နှင့် တပ်ရင်း(၉) အခြေစိုက်ရာ တပ်စခန်းများအား ယခုလ (၂၃) ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အစိုးရတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေပြီး ယနေ့ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ဦးလနန်က အခုလို ပြောသည်။

“သူတို့ရဲ့ လက်နက်ကြီး နဲ့ အဝေးကနေ လှမ်းပစ်တယ်။ နောက်ပြီးတော့ ခြေလျင်တပ်တွေ ပြန်ပြီးတော့ ချဉ်းကပ်တယ်။ ကျနော်တို့ဖက်က ပြောက်ကျားနည်းနဲ့ ပြန်တိုက်နေတယ်။ အခုတိုက်ပွဲကတော့ အရှိန် အမြင့်ဆုံး လို့လည်း ပြောလို့ရတယ်။”

လက်နက်ကြီး ပစ်ခတ်လာသည့် အကွာအဝေးနှင့် ကျရောက် ပေါက်ကွဲမှု ပြင်းအားပေါ် မူတည်၍ အစိုးရ ဖက်မှ ၁၂၀ (မီလီမီတာ) မမ၊ ၁၀၅ မမ နှင့် ၈၁ မမ စသည့် တာဝေးပစ် လက်နက်များ အပြင် နောက်ပွင့် လောင်ချာနှင့် ၆၀ မမ မော်တာများကိုလည်း အသုံးပြု ပစ်ခတ် နေသည်ဟု ရှေ့တန်း တပ်မှူးများက ပြောဆိုကြောင်း ၎င်းက ဆက်ပြောသည်။

KIA တပ်ရင်း(၈)နှင့် တပ်ရင်း(၉) အခြေစိုက်ရာ မူဆယ်မြို့နယ်အတွင်းရှိ ဒတ်နိုင်းနှင့် ဒီးမား ဒေသ တဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်နေပြီး တပ်ရင်း(၂) အခြေစိုက်ရာ တာမိုးညဲ ဒေသတွင်လည်း ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

တိုက်ပွဲကြောင့် ထောင်နှင့် ချီသည့် ဒေသခံများ တရုတ်မြန်မာ နယ်စပ်တလျောက်ရှိ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆန်းနှင့် မုံးကိုးဒေသများသို့ တိမ်းရှောင်သွားကြောင်း ဦးလနန်က ပြောသည်။

မုံးကိုးမြို့ခံ တဦးကမူ အကယ်၍ ဒေသတွင်း တိုက်ပွဲဖြစ်ပွားလာပါက တရုတ်ပြည်ဖက်သို့ ထွက်ပြေး ခိုလှုံ နိုင်ရန် မုံးကိုးမြို့ပေါ်မှ အစိုးရ ၀န်ထမ်းများအား ဒေသ အာဏာပိုင်က အသင့်ပြင်ဆင် ခိုင်းထားသည်ဟု အခုလို ပြောသည်။

“တမြန်နေ့က သူတို့ အတွင်းထဲမှာ အချင်းချင်း ပြောဆိုထားတာရှိတယ်။ သူ့မိသားစု ကိုယ့်မိသားစု အထုတ် အပိုးတွေ အဆင်သင့်လုပ်ထားကြတဲ့။ တကယ်လို့ ဖြစ်ပြီဆိုလို့ရှိရင် ဟိုဖက်ကို သွားနိုင်အောင်ပေ့ါနော်။”

ယင်းကိစ္စနှင့် ပတ်သက်၍ လွန်ခဲ့သည့် ငါးရက်ခန့်က မုံးကိုးမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကိုဇော်မှ နယ်စပ်ရှိ တရုတ် အစိုးရအဖွဲ့နှင့် သွားရောက် ညှိနှိုင်းခဲ့ပြီး နှစ်ဖက် သဘောတူညီမှု ရထားသည်ဟု ၎င်းက ဆက်ပြောသည်။

သို့သော် ယခု ရက်ပိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နယ်စပ်သို့ ထွက်ပြေးလာသူ ငါးဆယ် ခန့်ရှိပြီး မုံးကိုး နယ်စပ်ဂိတ်မှ တရုတ်ပြည်ဖက်ခြမ်းသို့ ဖြတ်သန်းခွင့်ကို မြန်မာ အာဏာပိုင် ဖက်မှပိတ်ပင် ထားသည့် အတွက် အခက်အခဲ ဖြစ်နေသည်ဟု မြို့ခံက ပြောသည်။

အစိုးရနှင့် KIA တပ်ဖွဲ့တို့ ယခုနှစ် ဇွန်လပိုင်းက စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မိုးမောက်နှင့် ၀ုိင်းမော်မြို့နယ်များမှ တရုတ်နယ်စပ် အပါအဝင် မြို့ပေါ်ဒေသများသို့ ထွက်ပြေးခိုလှုံလာကြသည့်စစ်ပြေး ဒုက္ခသည်ပေါင်း နှစ်သောင်းကျော်ရှိသည်ဟု ဒုက္ခသည် ကူညီပေးရေး အဖွဲ့များက ပြောသည်။

Most read this week