ပထမဆုံး KIA တပ်ရင်းတစ်ခုအား မြန်မာအစိုးရတပ်က သိမ်းပိုက်

ပထမဆုံး KIA တပ်ရင်းတစ်ခုအား မြန်မာအစိုးရတပ်က သိမ်းပိုက်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းမှ ပထမဆုံးကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA)၏ တပ်ရင်းတစ်ခုအားမြန်မာစစ် တပ်မှ စက်တင်ဘာ (၂၅)၊ တနင်္ဂနွေနေ့ညနေပိုင်း တွင် သိမ်းပိုက်လိုက်သည်။

b9-myen
ကွတ်ခိုင်အနီး လွယ်ကန်ဌာနချုပ် KIA တပ်မဟာ (၄) အောက် ဗိုလ်မှူး မခေါလရိန် ဦးစီးသည့် ဒတ်နိုင်း အခြေစိုက် KIA တပ်ရင်း (၉) အား မကွေး တပ်မ(၈၈)နှင့် မိတ္ထီလာ တပ်မ(၉၉)မှ နှစ်ရက်ကြာပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်ပြီး သိမ်းယူလိုက်သည်ဟု တပ်မဟာ (၄) KIA အရာရှိများပြောသည်။

နှစ်ရက်ကြာတိုက်ပွဲတွင် KIA မှ ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦးတို့ အစိုးရတပ် အမြောက်ဆံထိမှန် ကျဆုံးခဲ့ ကြောင်း KIA အရာရှိများ ဆိုသည်။

အစိုးရစစ်တပ်ဘက်မှ ဒါဇင်နှင့်ချီ ကျဆုံးပြီး (၁၀၀) ခန့် ဒဏ်ရာရရှိကြသည်ဟု ရှေ့တန်းမှ KIAအရာရှိများ ပြောသည်။

မြန်မာစစ်တပ်က ၁၂၀ မမ အမြောက်ကျည်များ ဆက်တိုက်ပစ်ခတ်မှုကို မခံနိုင်သောကြောင့် ဒတ်နိုင်း (KIA တပ်ရင်း (၉) အခြေစိုက်စခန်း)မှ KIA တပ်ဖွဲ့များ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်ဟု KIAအရာရှိများပြော သည်။

ထို့အပြင် တနင်္ဂနွေနေ့ မှာပဲ နမ္မတူအနီး အခြေစိုက် KIA တပ်ရင်း (၈) နှင့် အစိုးရစစ်ကြောင်းများ မံတုံမြို့နယ်ခွဲ နမ်ဟိုင်းအနီးတွင်လည်း ပြင်းထန်သည့်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲတွင် KIA တပ်သား ၅ ဦးကျဆုံးပြီး အစိုးရဘက်တွင် အများအပြား ကျဆုံး ထိခိုက် ဒဏ်ရာရရှိမှုရှိသည််ဟု တပ်ရင်း (၈) သတင်းရပ်ကွက်က ဆိုသည်။ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။။

စက်တင်ဘာ ၂၄၊ စနေနေ့ကစပြီး အင်အား ၁၀၀၀ ကျော်ပါ၀င်သည့် မြန်မာစစ်တပ် တပ်မနှစ်ခုနှင့် KIA ကြား KIA တပ်မဟာ (၄) ပတ်ဝန်းကျင် တပ်ရင်း၂၊ တပ်ရင်း ၈ နှင့်တပ်ရင်း ၉ နေရာများတွင် ဖြစ်ပွားခြင်းဖြစ်သည်။

KIA တပ်ရင်း (၉) ကျရှုံးသွားပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ပိုမို ကျယ်ပြန့် ပြင်းထန်လာမည်ဟု KIA အရာရှိများပြောသည်။

ပိုမိုပြင်းထန်လာသော စစ်ပွဲများကြောင့် တရုတ်နယ်စပ် မုန်းကို သို့ တိမ်းရှောင်လာကြသည့် ကချင်၊ ရှမ်းနှင့် အခြား စစ်ပြေးဒုက္ခသည်များကို တရုတ်နိုင်ငံဘက် မဝင်လာရန် တရုတ်စစ်သားနှင့်နယ်ခြားစောင့်တပ်များ က တားမြစ် စောင့်ကြပ်နေကြောင်း မုန်းကို ဒေသခံများပြောသည်။

Most read this week