ရဲတပ်ဖွဲ့ဝင် (၈)ယောက်ကို KIA က ပြန်လွှတ်

ရဲတပ်ဖွဲ့ဝင် (၈)ယောက်ကို KIA က ပြန်လွှတ်
by -
ဇော်ကြီး

ရှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့နယ် အတွင်းရှိ ရဲဘက် အကျဉ်းစခန်းကို ကချင်လွတ်လပ်ရေး အဖွဲ့က ၀င်ရောက်စီးနင်းပြီးနောက် ဖမ်းဆီးထိန်း သိမ်းခဲ့သည့် ရဲတပ်ဖွဲ့ဝင် (၈) ဦးအား ပြန်လည် လွတ်ပေးလိုက်ပြီဟု KIO က ပြောသည်။

nmg-news-pt-18

ယခုလ (၂၁) ရက်နေ့က KIA တပ်ရင်း(၉) မှ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်းကို စီးနင်းခဲ့ပြီး နောက် ဖမ်းဆီးခဲ့သည့် စခန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၈)ဦးကို ထိုနေ့ကပင် ပြန်လည် လွတ်ပေး လိုက် ပြီဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလိုပြောသည်။

“အဲဒီနေ့မှာပဲ အကျဉ်းသားတွေကို အရင်လွတ်လိုက်တယ်။ အဲဒီကိစ္စတွေ ပြီးသွားတဲ့ အခါမှာ အဲဒီ ရဲ (၈)ယောက်ကိုလည်း ပြန်ပြီး လွတ်လိုက်တယ်။ သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး မလုပ်ပါဘူး။”

စခန်းသိမ်းယူပြီးနောက် ရဲဘက် အကျဉ်းသား (၅၀) ကျော်ကိုလည်း လွတ်ပေးခဲ့သည်။

လောလောဆယ်တွင် KIA တပ်ရင်း(၉) လှုပ်ရှားရာ ဒေသအတွင်း အစိုးရ တပ်အင်အားများ တိုးချဲ့လာပြီး ယနေ့နံနက်ပိုင်းက စတင်၍ နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသည်ဟု ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလိုပြောသည်။

“မနေ့က စစ်ကြောင်းတွေ ထိုးလာတယ်။ လားရှိုးတပ်တွေ၊ တပ်ရင်းငါးရင်းလောက်ရှိတယ်လို့ သိရတယ်။ အင်အား(၃၀၀) ကျော်ပေါ့။ ဒီနေ့ကတော့ တိုက်ပွဲတွေ စပြီး ဖြစ်နေပြီလို့ သတင်းရတယ်။ ဒီနေ့ (၁၀) နာရီ ပတ်ဝန်းကျင်ကနေပြီးတော့ ရှေ့တန်းမှာ သူတို့ တိုက်ခိုက်မှုတွေ တော့ ဖြစ်နေကြပြီ။”

ယင်း တိုက်ပွဲ နှင့်ပတ်သက်၍ သတင်းအတိအကျမရရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်မြန်မာနယ်စပ် အခြေစိုက် စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောက အစိုးရဘက်မှ တိုက်ခိုက်လာမှုသည် KIA ဘက်မှ အကျဉ်းစခန်း သိမ်းလိုက်သည့် ကိစ္စ တုန့်ပြန်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ဟိုနေ့က သူတို့ တော်တော်နာသွားတဲ့ သဘောမျိုး ပါတယ်လေ။ အဲဒါသူတို့ နမူနာလောက်တော့ ပြန်လုပ်ချင် လုပ်လိမ့်မယ်ထင်တယ်။ သိပ် ကြီးကြီး ကျယ်ကျယ်ကြီးတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ အခုက လေးလပတ်လည်း ဖြစ်တော့ တိုင်းမှူးကလည်း နေပြည်တော် ရောက်နေတယ်လေ။”

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)ခေါ် SSA/ SSPP ထိန်းချုပ်ရာ ဒေသတဝိုက်တွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင်  အစိုးရတပ်ဖွဲ့ဘက်မှ စစ်ကြောင်းမှူး အပါအဝင် အရာရှိအဆင့်များ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ပြောသည်။

“အဲဒီ ဖြစ်စဉ်မှာ သူတို့ တယောက် ကျပြီးတော့ စစ်ကြောင်းမှူး အပါအဝင် ဗိုလ်အဆင့်ရှိတဲ့ အရာရှိ တယောက်ရယ်၊ နောက် တပ်ကြပ်ကြီး နှစ်ယောက်၊ ဒုတပ်ကြပ်က နှစ်ယောက် တပ်သားက တစ်ယောက် အားလုံး (၇) ယောက်ပေ့ါခင်ဗျ။ အဲဒီမှာ ဒဏ်ရာရသွားတာ။”

ဗိုလ်မှူး ဇော်ဝင်းနိုင်ဦးစီးသည့် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၆) မှ အင်အား (၅၀) ခန့်အား SSA မြောက်ပိုင်း ၏ တပ်မဟာ(၃၆)၊ တပ်ရင်း (၇၂၆) တပ်ဖွဲ့က သီပေါမြို့နယ် မိုင်းနိုင်းကျေးရွာ အနောက်ဖက်တွင် ယမန်နေ့နံနက် (၁၁) နာရီ ခွဲအချိန်ခန့်က ခြံုခိုတိုက်ခိုက် ခဲ့ခြင်း ဖြစ်သည် ဟု
ဆက်လက်ပြောဆိုသည်။

“ကျနော်တို့ကတော့ မတိုက်ချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ကို နေစရာ မရှိအောင် သူတို့က တောနင်းပြီးတော့ လိုက်လံရှာဖွေ တိုက်ခိုက်နေတော့ ကျနော်တို့လည်း စောင့်ပစ်တာပေ့ါဗျ။”

တိုက်ပွဲတွင် ဒဏ်ရာရရှိသူများမှာ ဗိုလ်မှူး ဇော်ဝင်းနိုင်၊ ဗိုလ်အောင်မြင့်နိုင်၊ တပ်ကြပ်ကြီး စောမောင်၊ တပ်ကြပ်ကြီး နိုင်မင်း၊ ဒုတပ်ကြပ် ချစ်စိုး၊ ဒုတပ်ကြပ် ၀င်းမြင့်ထွန်းနှင့် တပ်သား အိုက်ရင် တို့ဖြစ်သည်ဟု မြောက်ပိုင်း SSA က သတင်း ထုတ်ပြန်သည်။  သို့သော် ယင်းကိစ္စ သီးခြား အတည်ပြုချက် မရသေးပါ။

ယခုလ (၂၀) ရက်နေ့ည သန်းခေါင်ယံ အချိန်ကလည်း SSA မြောက်ပိုင်းက ခလရ (၂၉၁) တပ်ဖွဲ့ကို ခြံုခိုတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု မြောက်ပိုင်း SSA က သတင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စု အစိုးရ အဖွဲ့က ပြည်တွင်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အချိန် တစ်လကျော် ကြာခဲ့သော်လည်း ရှမ်းနှင့် ကချင်ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

Most read this week