ရှမ်းနှင့် ကချင်ပြည်နယ်တွင် အစိုးရတပ်က လူ့အခွင့်အရေး ချိုးဖောက်နေ

ရှမ်းနှင့် ကချင်ပြည်နယ်တွင် အစိုးရတပ်က လူ့အခွင့်အရေး ချိုးဖောက်နေ
by -
ဇော်ကြီး

အစိုးရတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင်ယခုရက်ပိုင်း အတွင်း အစိုးရတပ်က လူ့အခွင့်အရေးချိုးဖောက်မှု များ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

nmg-news-pt-14

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ထိန်းချုပ်ရာ ဒေသများတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ရပ်တန့်နေသော်လည်း အစိုးရတပ်ဖွဲ့မှ ရိက္ခာ ဖြည့်တင်းရာတွင် ဒေသတွင်းရှိ သံဃာတော်များ အပါအဝင် အရပ်သားများကို အသုံးပြုနေသည်ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက အခုလိုပြောသည်။

“အဲဒီယာဉ်တန်းတွေကို ကျနော်တို့ ခြံုခိုပြီး တိုက်မှာစိုးလို့ မိန်းနန်းက ရွာသားနဲ့ ၀မ့်ဖိန်းဆိုတဲ့ ရွာတွေက အယောက် (၃၀) ကျော်နဲ့ သံဃာတော် (၁၀) ပါးပေ့ါ။ သူတို့ အပစ်ခံရမှာ စိုးလို့ အဲလိုပဲ ကြားညှပ်ခေါ် သွားတာပေ့ါ။ တစီးကို နည်းနည်းစီနဲ့ ကားပေါ်တင်ပြီး ခေါ်သွားကြတယ်။”

ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့မှ ကျေးသီး၊ မိုင်းနောင်မြို့များသို့ ဒေသ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၃၁ က တာဝန်ယူ၍ ယခုလ (၁၈) ရက်နေ့က ကား(၈)စီးဖြင့် ပို့ဆောင်ခြင်းဖြစ်သည်။

အလားတူ ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ နမ့်ဖတ်ခ ကျေးရွာမှ အရပ်သား (၁၂) ဦးကို ဒေသခံ အစိုးရတပ်ဖွဲ့မှ ယခုလ (၁၆) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နက် စစ်ဆေးမှုများ ပြုလုပ်သည်ဟု သိရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

၎င်းတို့အား (၃) ရက်ကြာ ထိန်းသိမ်းထားပြီး ယမန်နေ့က ပြန်လွတ်ပေး လိုက်ကြောင်းနှင့် “သူတို့ ရွာကို ရောက်လာတဲ့ အချိန်မှာ အားလုံးက အနာတရ တွေနဲ့ ခေါင်းကွဲတဲ့ လူလည်းပါတယ်။ လက်တွေဘာတွေ ကျိုးနေတဲ့ လူလည်းပါတယ်။ တချို့ဆိုရင်သူတို့အဖေလို သတ်မှတ်ထားတဲ့လူကြီးတွေကို သူတို့ရှေ့မှာ ရိုက်နက်တာကို မြင်ရတော့ တော်တော် စိတ်မကောင်း ဖြစ်ကြတယ်လို့ပြောတယ်။” ဟု ဦးလနန်ကပြောသည်။

အစိုးရ၏ ဒေသခံ ခြေမြန်တပ်ရင်း ခမရ (၃၈၇) က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဖမ်းဆီးခံရသူများမှာ ကချင်အမျိုးသား ၁၁ ဦးနှင့် မြန်မာအမျိုးသား ဦးမြင့်နိုင်တို့ဖြစ်၍ အသက် ၁၄ နှစ်မှ ရ၀ ကြား အရွယ်များ ဖြစ်သည်။ ၎င်းတို့ကို အစိုးရနှင့် KIA တို့ တိုက်ပွဲ စတင် ဖြစ်ပွားရာ တာပိန် ရေအားလျှပ်စစ်စက်ရုံ အနီးရှိ ဆမ်ဂန် တပ်စခန်းသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဖမ်းဆီးသွားသည့် အကြောင်းရင်းကို မသိရသော်လည်း ယခုလ (၁၅) ရက်နေ့က နမ့်ဖတ်ခ ကျေးရွာအနီး ခမရ (၃၈၇) တပ်ဖွဲ့အား KIA တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်လိုက်သည့်အတွက် ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဦးလနန်က ပြောသည်။

ထို့အပြင် ယခုလ (၁၈) ရက်နေ့ကလည်း မန်ဝိန်းကြီးကျေးရွာသား လီဆူးအမျိုးသားတဦးအား ခြေလျင် တပ်ရင်း ခလရ (၁၄၄) က ပစ်ခတ်လိုက်သည့်အတွက် ဒဏ်ရာရရှိပြီး မူဆယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများ မြှင့်တင်နိုင်ရေးအတွက် အငြိမ်းစား သံတမန်ဟောင်းများ၊ အငြိမ်းစား ပညာရေးဆိုင်ရာ ပါမောက္ခများနှင့်အတူ အစိုးရဝန်ထမ်းဟောင်း (၁၅) ဦးဖြင့် လူ့အခွင့်အရေး ကော်မရှင် တရပ်ကို စက်တင်ဘာ လဆန်းပိုင်းက ဖွဲ့စည်းခဲ့သည်။

သို့သော် ယင်းအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း နေရာဒေသ အနှံအပြားတွင် ဖြစ်ပွားနေသည့် လူ့အခွင့် အရေး ချိုးဖောက်မှုများအား မည်သည့် အတိုင်းအတာထိ လုပ်ဆောင် နိုင်မည်ကိုမူ စောင့်ကြည့်ရဦးမည်ဟု လေ့လာသူများက ပြောဆိုကြသည်။

Most read this week