တောင်ငူ ရေဘေးဒုက္ခသည် တစ်သောင်းခန့် သောက်သုံးရေ ပြတ်လပ်နေ

တောင်ငူ ရေဘေးဒုက္ခသည် တစ်သောင်းခန့် သောက်သုံးရေ ပြတ်လပ်နေ
by -
အားမီ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အတွင်းရှိ အိမ်ခြေ (၂၀၀၀) ခန့်မှ ရေဘေးဒုက္ခသည် တစ်သောင်းနီးပါး သောက်သုံးရေ ပြတ်လပ်မှု ကြံုနေကြသည်ဟု ဒေသခံများက ပြောသည်။

nmg-news-pt-16
ဒေသတွင်း မိုးပြင်းထန်စွာ ရွာသွန်းခဲ့သည့်အပြင် စစ်တောင်းမြစ်ရေ လျှံတက်လာမှုကြောင့် ရပ်ကွက်ကျေးရွာ များရှိ ရေတွင်းရေကန်များ ပျက်စီးသွားရာမှ ယခုအခါ သောက်သုံးရေ အခက်အခဲ ဖြစ်နေသည်ဟုရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ဦးစိန်ထွန်းက အခုလိုပြောသည်။

“အရင် သြဂုတ်လဆန်း ရေကြီးတုန်းကတော့ မြို့ပေါ်က ရေသန့်စက်ရုံ သုံးခုက သောက်ရေ လှူတယ်။ အခု အမြင့်ဆုံး အကြိမ် ရေလျှံတော့ မလှူနိုင်တော့ဘူး။ မြို့ပေါ်ရော ရွာတွေရော ရေလျှံတော့ အကုန် သောက်ရေ ပြတ်ကုန်တာပေါ့။”

ယခုအခါ တောင်ငူမြို့ပေါ် ရပ်ကွက် ၆ ခု အပါအဝင် မြို့နယ်အတွင်းရှိ ပေါက်တော၊ အစ္စတု၊ မိုးကောင်း၊ ညောင်ပင်သာ၊ ကချောင်း၊ ကသဲ စသည့် ဒေသတွင်းရှိ ရွာပေါင်း (၂၀)ခန့်မှ ဒုက္ခသည်များသည် ရေလွတ်ရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသည်။

တောင်ငူမြို့ ရပ်ကွက် ၁၉ မှ ဒေသခံတစ်ဦးကလည်း “ရေတွေဆို နောက်ကျိနေတာ။ ရေကြီးတော့ ပါလာတဲ့ အမှိုက်တွေ၊ ရွှံ့တွေက ကန်တွေ၊ တွင်းတွေထဲ ဝင်ကုန်တာ။ စစ်ပြီးသုံးတောင် မရဘူး အခုက။ ရေကို အရင်စစ်၊ ပြီးတော့မှ ပြန်ကျိုပြီး သုံးနေရတာ။” ဟု ပြောသည်။

ယခုနှစ် သြဂုတ်လဆန်းမှ စတင် မိုးပြင်းထန်ခဲ့ပြီးနောက် ဒေသတွင်းရှိ ဆွာချောင်းနှင့် ပတိဆည် (၂) ခု ကိုလည်း ဖောက်ချခဲ့ရသည်။ ယခုနှစ်အတွင်း တောင်ငူမြို့နယ်၌ ရေလျှံမှု သုံးကြိမ် ဖြစ်ပွားခဲ့ရာ ယခု အကြိမ်သည် ရ ပေမှ ၉ ပေခန့်အထိ မြှင့်တက်လာမှုကြောင့် အမြှင့်ဆုံးဖြစ်သည်ဟု ဦးစိန်ထွန်းက ပြောသည်။

“အခုရေကြီးတာက တော်တော်ဆိုးတာ၊ နှစ်ထပ်အိမ်ဆို အောက်ထပ်က မြုပ်ပြီးသားပဲ၊ မြေနိမ့်ပိုင်းဆို လူတရပ်ကျော် နစ်တယ်၊ အခုကြီးတာက သုံးကြိမ်မြောက်ဗျ။”

သို့သော်လည်းယနေ့၌ အချိုနေရာများတွင် ရေ-၃ပခန့် လျော့ကျသွားပြီ ဖြစ်သော်လည်း မြေနိမ့်ပိုင်းဒေသများ ၌မူ လျော့ကျခြင်း မရှိသေးဟု၎င်းက ဆက်ပြောသည်။

ထို့အပြင် ရေဘေးဒဏ်ကြောင့် တောင်ငူမြို့ပတ်ဝန်းကျင်ရှိ လယ်မြေဧက ၄၀၀၀ ခန့် ရေနစ်မြုပ် ခဲ့သည့် အနက် ဧက ၁၀၀၀ ခန့်တွင် စပါးစိုက်ခင်းများ လုံးဝပျက်စီးသွားပြီဟု တောင်ငူ မြို့ခံက ပြောသည်။

ဒေသခံအာဏာပိုင်များက ရေဘေး ဒုက္ခသည်များကို ယခုလ (၁၇) ရက်နေ့က လာရောက် ကြည့်ရှုခဲ့ပြီး ဆန်အိတ် (၂၀) ၊ ဆေးဝါး၊ ဆပ်ပြာ၊ သောက်သုံးရေနှင့် ဖယောင်းတိုင်များ ဝေငှခဲ့သော်လည်း လုံလောက်မှု မရှိဟု ဒေသခံများက ပြောသည်။

ရေဘေး ဒုက္ခသည်များအတွက် ရွှေသံလွင်ကုမ္ပဏီ၊ စကိုင်းနက် ရုပ်သံလိုင်းနှင့် လျှပ်တပြက် ဂျာနယ်တို့မှ ယမန်နေ့က ဆန်အိတ်များနှင့်အတူ ကျပ်ငွေသိန်း ၁၄၀ ခန့် ပေးလှူခဲ့သည်ဟု သိရသည်။

ထို့အပြင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလည်း ယခုလအတွင်း ဆန်အိတ် ၄၅၀ ခန့် လာရောက် ပေးလှူခဲ့ပြီး တာဝန်ရှိသူများက ကျန်းမာရေး ကူညီမှုများ ဆောင်ရွက်ပေးနေသည်ဟု ဦးစိန်ထွန်းကပြော သည်။

တောင်ငူမြို့နယ်မှ ရေဘေးဒုက္ခသည်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သွေးလှူအဖွဲ့ BG နှင့် “ကမ်းလက်” သဘာဝဘေးအန္တရာယ် ပညာပေးရေးနှင့် ကူညီရေးအဖွဲ့တို့ ပူးပေါင်းပြီး ယခုလ ၂၂ ရက်နေ့တွင် သွားရောက်ကူညီရန် စီစဉ်နေကြောင်း သိရသည်။

Most read this week