အစိုးရစစ်ကြောင်း ပိတ်ဆို့ခံနေရဟု KIA ကပြော

အစိုးရစစ်ကြောင်း ပိတ်ဆို့ခံနေရဟု KIA ကပြော
by -
ဇော်ကြီး

ချင်းပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး အစိုးရ၏စစ်ကြောင်းတခု အား ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသည်ဟု KIO ကပြောသည်။

nmg-news-pt-13
KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့မှ မြစ်ကြီးနားသို့သွားရာ ကားလမ်း တလျှောက်ရှိ နမ်ဆန်ယန်နှင့် ခလားယန်ကျေးရွာ အကြားတွင် ယခုလ (၁၄) ရက်မှ စတင်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KIOပြောခွင့် ရပုဂ္ဂိုလ် ဦးလနန်က ယခုလိုပြောသည်။

“အခုလ(၁၄) ရက်နေ့ကစဖြစ်တာ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့မနက်လည်း မပြီးနိုင်သေးဘူးဗျ။ ဖြစ်တုန်းလို့ပြောတယ်။ သူတို့အဖွဲ့ကတော့ တောထဲမှာနေပြီးတော့ ဟိုဖက်ပြောင်းလိုက် ဒီဖက်ပြောင်း လိုက်နဲ့ လုပ်နေကြတယ်။ အခုဟာက သူတို့ရဲ့ ထွက်ပေါက်ကို ပိတ်ပြီး လိုက်ပြီးတော့ ရှင်းလင်းတဲ့ အဆင့်ရောက်နေတယ်။ ကားလမ်းပေါ် မတက်နိုင်အောင် လုပ်ထားတာပေ့ါ။”

အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ(၃၇)၊ ခလရ(၂၉) နှင့် ခြေမြန်တပ်ရင်း ခမရ (၄၃၈) တပ်ရင်း သုံးရင်းမှ အင်အား (၈၀) ကျော်ခန့်ပါ၀င်သည့် စစ်ကြောင်း အား KIA တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း (၁၈) ကတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယခုတိုက်ပွဲဖြစ်ပွားနေသည့် ခလားယန် ကျေးရွာသည် KIO ဗဟို ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့နှင့် (၁၅) မိုင်ခန့်အကွာတွင် တည်ရှိပြီး ၀ုိင်းမော်မြို့နယ်အတွင်း ပါ၀င်သည်။

ယင်းစစ်ကြောင်းအား ခလရ (၃၇) မှ ဗိုလ်မှူး မင်းမောင်မောင် ဦးဆောင်၍ အင်အား (၁၅၀) ခန့် ဖြင့် အစိုးရ၏ နားဖော့ တပ်စခန်းသို့ ရိက္ခာပို့ရန်နှင့် လမ်းလုံခြံုရေး ယူရန် ယခုလ (၈) ရက်နေ့ကသွားရောက် ခဲ့ပြီး အပြန်တွင် တိုက်ခိုက် ခံခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ယခုလ (၁၁) ရက်နေ့နှင့် (၁၃) ရက်နေ့များကလည်း KIA တပ်ဖွဲ့၏ ခြံုခိုတိုက်ခိုက်ခြင်း ခံခဲ့ရပြီး အရာရှိ နှစ်ဦး အပါအဝင် ရဲဘော် အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု ဦးလနန်က ပြောသည်။ သို့သော် ယင်းကိစ္စ သီးခြား အတည်ပြုချက် မရသေးပါ။

နားဖော့တပ်စခန်းသည် ၁၉၈၇ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်က အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် KIO စစ်ဦးစီးဌာနချုပ်စခန်းဖြစ်ပြီး ယခုအခါ စစ်ရေးအရ အချက်အခြာကျသည့် စခန်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီနားဖော့ စခန်းက ဒီပါဂျောင်ဒေသမှာ တောင်ကလည်းတော်တော်မြင့်တယ်လေ။ နောက်ပြီး တော့ သူတို့ရဲ့ မဟာဗျူဟာ အရလည်း အချက်အခြာ ကျတယ်။ ဒါကြောင့် ဒီနားဖော့စခန်းက ကျနော်တို့ရဲ့ ဗဟိုကို ထိန်းချုပ်ဖို့အတွက် အခြေခံအကျဆုံး ရှေ့တန်း စခန်းလို့ ပြောလို့ရတယ်။”

ပါဂျောင်ဒေသသည် ၁၉၉၄ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ်မရပ်စဲမီက KIO ဌာနချုပ်ဟောင်း အခြေစိုက်ရာ ဒေသဖြစ်ပြီး လက်ရှိတွင်လည်း ဌာနချုပ်အဖြစ် ဆက်လက် အသုံးပြုနေဆဲ ဖြစ်သည်။

ယခုလ (၁၄) ရက်နှင့် (၁၅) ရက်နေ့များကလည်း တာပိန်ရေအား လျပ်စစ်စက်ရုံတည်ရှိရာ KIA တပ်မဟာ(၃) ထိန်းချုပ်ဒေသတဝိုက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

သြဂုတ်လ (၁၈) ရက်နေ့က ပြည်ထောင်စု အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေး ထုတ်ပြန် ကြေငြာချက်တွင် ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရသာ ဆွေးနွေးမှု ပြုလုပ်မည်ဟု ဖော်ပြထားသည့်အပေါ် KIO အဖွဲ့ က လက်မခံ ငြင်းဆန်ထားသည်။

လောလောဆယ်တွင် အစိုးရ၏ ပြည်နယ်တည်ငြိမ်အေးချမ်းမှုညှိနှိုင်းရေး အဖွဲ့နှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းနေသည်။

KIO သည် ၁၉၉၄ ခုနှစ်က စတင်၍ စစ်အစိုးရနှင့် (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ(၉) ရက်နေ့မှ စတင်၍ တာပိန် ရေအား လျပ်စစ် စီမံကိန်း အကြောင်းပြချက်ဖြင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။

Most read this week