မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကယားပြည်နယ်၌ ရွာသုံးရွာ ရေနစ်မြုပ်

မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကယားပြည်နယ်၌ ရွာသုံးရွာ ရေနစ်မြုပ်
by -
အားမီ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် နှစ်ပတ်ကျော် အကြာ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် ဒေသ တွင်းရှိ ဘီလူးချောင်းရေလျှံ၍ ရွာသုံးရွာရေနစ်မြုပ် လျက်ရှိသည်ဟု ဒေသခံများကပြောသည်။

nmg-26
ရှမ်းပြည်တောင်ပိုင်းရှိ မိုးဗြဲဆည်ကို ယခုလ ၃ ရက်နေ့ က ဖောက်ချလိုက်သည့်အပြင် ဒေသတွင်း မိုးသည်းထန်မှုကြောင့် ဘီးလူးချောင်း ရေလျှံပြီး ချောင်းနံဘေးရှိ ဘုရားဖြူ၊ ဘုရားနီ နှင့် ဖောင်းတောရွာများ ရေနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသတွင် ရေဘေးကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်နေသည့် ကယားဖူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောသည်။

“ရေကအရမ်းကြီးတော့ သုံးရွာလုံးမှာ လုံးဝရေအောက် ရောက်နေတာတွေ ရှိတယ်၊ အမိုးထိ မြုပ်နေတာရှိတယ််၊ ကျန်တဲ့အိမ်တွေကလည်း ရေထဲမှာ အိမ် တဝက်လောက် နစ်နေတယ်။”

ဘီလူးချောင်းဘေးရှိ ရွာသုံးရွာ၌ အိမ်ခြေစုစုပေါင်း ၃၄၅ အိမ်ရှိ၍ လူဦးရေ ၁၆၉၆ ယောက် နေထိုင်သည်ဟု သိရပြီး အိမ်ခြေ ၁၅၀ ခန့်မှာ ရေနစ်မြုတ်လျက် ရှိသည်။ ရေလျှံမှုကြောင့် လူအသေအပျောက်မရှိသော်လည်း ယခုအခါ သောက်သုံးရေ ပြတ်လပ်သည့် အခက်အခဲနှင့် ကြံုတွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ထိ ရေဘေးဒုက္ခသည်များမှာ ရေလွတ်သည့် ကုန်များပေါ်တွင် တဲထိုး၍ နေကြသူများ ရှိသကဲ့သို့ နီးစပ်ရာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးအိမ်များတွင် ခိုလှုံနေကြရသည်ဟု လွိုင်ကော်မြို့ခံ တစ်ဦးက အခုလို ပြောသည်။

“အခုက အချင်းချင်းကယ်ဆယ်ရေး လုပ်နေရတယ်၊ အဲ့လိုမလုပ်ရင်လည်း စားစရာတောင် မရှိတော့ဘူး၊ ဘုန်းကြီးကျောင်းတွေမှာလည်းနေတယ်၊ အိမ်နှစ်ထပ်ရှိတဲ့လူတွေဆိုရင် အပေါ်ထပ်မှာ ချက်စားရတယ်။”

ဒေသတွင်း ရေလျှံမှုကြောင့် သွားလာရေး ခက်ခဲနေသည်ဟု “အခုလောလောဆယ်က ရေကြီးတာလည်း မရပ်တော့ သွားလာဖို့ အတွက် အရမ်းခက်တယ်၊ အဓိက သွားဖို့ လာဖို့တော့ လှေနဲ့သွားတယ်။ လှေတွေလည်း စျေးအရမ်း တက်တယ်၊ လှေတွေလည်း မရှိတော့ဘူး။” ဟု ဘုရားနီမှဒေသခံ တဦးက ပြောသည်။

ယခုအခါတွင် ဒေသတွင်း ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို ဒေသခံ အာဏာပိုင် များနှင့်အတူ World vision၊ Care Myanmar၊ ကယားမိုဘွာ နှင့် ကယားဖူး အဖွဲ့များက ဆောင်ရွက်လျက်ရှိပြီး ဆန်များ၊ ထမင်းထုပ်များ၊ ရေသန့်ဗူးနှင့် ဆေးဝါးများ ပေးဝေနေသည်ဟု ကယားဖူးမှ တာဝန်ရှိသူက ပြောသည်။

လွန်ခဲ့သည် ၃ ရက်ခန့်က ဘီလူးချောင်း ရေလျော့ကျ သွားစေရန် ဒေါတချ ဆည်ဖက်သို့ ရေလွှဲချခဲ့သော်လည်း ရေကျသွားခြင်း မရှိခဲ့ပေ။ ယခုအခါ လွိုင်ကော်မြို့  ပေါ်ရှိ ဒေါသမ၊ ဒေါနိုးကူး၊ ရွှေတောင်၊ နားကွပ် နှင့် မင်္ဂလာရပ်ကွက် တို့တွင်လည်း ရေကြီးနေသည်ဟု ဘုရားနီမှ ဒေသခံက ပြောသည်။

ယနေ့ထိ မိုးဆက်တိုက်ရွာသွန်းလျက်ရှိပြီး ရေနစ်မြုပ်မှုကြောင့် ဘီလူးချောင်းအနီးရှိ လယ်ယာစိုက်ခင်း တချို့ ပျက်စီးလျက် ရှိသော်လည်း ပျက်စီးမှု ပမာဏကိုမူ  အတိအကျ မသိရသေးကြောင်း ကယားဖူးကယ်ဆယ်ရေး အဖွဲ့က တာဝန်ရှိသူကပြောသည်။

ယခုနှစ် သြဂုတ်လ တတိယပတ်ကလည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လွိုင်ကော်မြို့ပေါ်ရှိ မိုင်းလုံး၊ လောကဓမ္မနှင့် ပန်ကန်း ရပ်ကွက်တို့တွင် ရေလွမ်းခဲ့ပြီး သီရိမင်္ဂလာစျေး(တောင်စျေး)နှင့် မိုင်းလုံးစျေးတို့ ပိတ်ထားခဲ့ရသည်။

Most read this week