ကချင်ပြည်နယ် ကျောက်စိမ်းနှင့် ရွှေလုပ်ကွက်သစ် ရပ်ဆိုင်းမှု KIO ကြိုဆို

ကချင်ပြည်နယ် ကျောက်စိမ်းနှင့် ရွှေလုပ်ကွက်သစ် ရပ်ဆိုင်းမှု KIO ကြိုဆို
by -
ဇော်ကြီး

ကချင်ပြည်နယ် အတွင်း ကျောက်စိမ်းနှင့် ရွှေအဓိက ထွက်ရှိသည့် ဒေသများတွင် လက်ရှိလုပ်ကိုင်နေ သည့် လုပ်ငန်းများမှအပ လုပ်ကွက်သစ်များ ချ ပေးမှု ရပ်ဆိုင်းလိုက်သည့်အပေါ် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO က ကြိုဆိုလိုက်သည်။

nmg-24

ဒေသတွင်း နယ်မြေငြိမ်သက်မှု မရှိခြင်းကြောင့် ယခုနှစ်အတွက် လုပ်ကွက်အသစ် ထပ်မံချပေး တော့မည် မဟုတ်ဟု ကချင်ပြည်နယ်အတွင်း ရွှေသတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောကြောင်း စက်တင်ဘာလ (၁၀) ရက်နေ့ ပြည်တွင်းထုတ် Eleven Media Group ဂျာနယ် သတင်းတစ်ပုဒ်၌ ဖော်ပြပါရှိသည်။

ယင်းသို့ ရပ်ဆိုင်းခြင်းအားဖြင့် KIO အဖွဲ့အပေါ် တစုံတရာ ထိခိုက်မှု မရှိသည့်အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်ပေးသလို ဒေသခံများနှင့် စီးပွားရေး ကုမ္ပဏီတို့အကြား ဖြစ်ပေါ်လေ့ရှိသည့် လူမှုရေး ပြဿနာများလည်း လျော့ပါးစေသည့်အတွက် ကြိုဆိုလက်ခံကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလိုပြောသည်။

“အဲဒါ မချပေးတာတော့ ကောင်းပါတယ်။ ဒီလိုမျိုး သူတို့ ဆက်ပြီးတော့ မဝင်လာဘူးဆိုရင်တော့ ကျနော်တို့ ဒေသခံလူထုတွေ အများကြီး သက်တောင့် သက်သာရပါတယ်။ သူတို့ဝင်လာခြင်း အားဖြင့် ဒေသခံမှာတော့ ပြဿနာ အများကြီးရှိနေတယ်။ လူမှုရေး ပြဿနာကအစ မူးယစ်ဆေးဝါးကအစ ဒါတွေက လျော့သွားမယ်လို့ ထင်တာပဲလေ။”

ထို့အပြင် ယင်းလုပ်ငန်းများကို တရုတ်နိုင်ငံမှ စီးပွားရေးသမားများ အပါအဝင် ယခင်စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်များနှင့် ရင်းနှီးသူများကသာ အဓိက လုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု ဆက်လက် ပြောဆိုသည်။

လောလောဆယ်တွင် ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားနေသလို ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး လုပ်ငန်းများသည် KIO ထိန်းချုပ်ရာ ဒေသများအတွင်း လုပ်ကိုင်နေကြသဖြင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် အာမခံချက် ရှိနိုင်မည် မဟုတ်ကြောင်း ဦးလနန်က ပြောသည်။

“အခုလိုမျိုး ပစ်ခတ်တာမျိုး ဆက်ပြီးရှိနေတယ်ဆိုရင် သူတို့ လုပ်ကွက် လုပ်ဖို့ကတော့ ရင်းနှီးမြုတ်နှံ မယ့် လူတွေအတွက် ဘယ်လိုမှ အာမခံချက် မရှိတော့ သူတို့ ၀င်လာနိုင်စရာ အကြောင်းလည်း မရှိပါဘူး။”

ထို့အပြင် “နေ့တိုင်းလိုလို တိုက်ပွဲငယ်လေးတွေတော့ ရှိတယ်။ ဒီမနက်လည်း ရှစ်နာရီခွဲ ကိုးနာရီပတ်ဝန်း ကျင်မှာ နားဖော့ကို လုံခြံုရေး သွားယူတဲ့ ခလရ (၃၇) အဖွဲ့တွေနဲ့ ကျနော်တို့ ဌာနချုပ် ကာကွယ်ရေး အထူးတပ်ရင်း (၂၅၅)နဲ့ တိုက်ပွဲဖြစ်တယ်။ သူတို့ဖက်မှာ အကျအဆုံးရှိတယ်။ ဒါပေမယ့် အသေးစိတ်တော့ မသိရသေးဘူး။” ဟု ဦးလနန်က ဆက်ပြောသည်။

ကချင်ပြည်နယ်တွင် ရွှေနှင့် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းကို ဖားကန့်နှင့် လုံးခင်း ဒေသများ တွင် တွဲဖက်၍ လုပ်ကိုင်ကြသလို ရွှေသတ္တု ထွက်ရှိသည့် ပူတာအို၊ တနိုင်း၊ ဗန်းမော်၊ မန်စီ၊ ရွှေကူ၊ မိုးညှင်း၊ ဒေါ့ဖုန်းယန် မြို့နယ်များနှင့် ဧရာဝတီ မြစ်ဆုံဒေသများတွင်လည်း လုပ်ကိုင်ကြသည်။

အစိုးရက ၂၀၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် လုပ်ကွက်သစ်များကို ရပ်ဆိုင်းထားမည် ဖြစ်ပြီး လုပ်ကွက် ဟောင်းများကို ဆက်လက် လုပ်ကိုင်နိုင်သည်ဟု ဆိုသော်လည်း မိုးတွင်းကာလ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ လုပ်သားရှားပါးခြင်းတို့ကြောင့် အခက်အခဲများစွာ ဖြစ်ရသည် ဟု ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင် တဦးက ပြောဆိုကြောင်း Eleven Media Group ဂျာနယ်၌ ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် ကျောက်မျက်ရတနာ လုပ်ကွက်များကို ကချင်၊ မွန်၊ ကရင်၊ ရှမ်း၊ ကယားပြည်နယ် များနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒေသကြီးများတွင် လုပ်ကိုင်လျက်ရှိပြီး ကချင်ပြည်နယ်တွင်ကျောက်စိမ်း လုပ်ကွက်ပေါင်း ရ၅၃၅ ကွက် ရှိသည်ဟု ယင်းဂျာနယ်၌ ဆက်လက် ဖော်ပြသည်။

Most read this week