ဦးခွန်ထွန်းဦးမွေးနေ့ နိုင်ငံရေးခေါင်းဆောင်များ စုပေါင်းကျင်းပ

ဦးခွန်ထွန်းဦးမွေးနေ့ နိုင်ငံရေးခေါင်းဆောင်များ စုပေါင်းကျင်းပ
by -
ဇော်ကြီး

ယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေ ရသည့် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ၏ ၆၈ နှစ်မြောက် မွေးနေ့ ဆုတောင်းပွဲကို ပြည်တွင်းရှိ နိုင်ငံရေး ခေါင်းဆောင်များ စုပေါင်း၍ ယနေ့နံနက်ကကျင်းပ ခဲ့ကြသည်။

nmg-news-pt-10
ရန်ကုန်မြို့ ပြည်လမ်း ကိုးမိုင်ရှိ ဦးခွန်ထွန်းဦး၏ နေအိမ်တွင် နံနက် (၉) နာရီ ခွဲ အချိန်ခန့်ကရှမ်းအမျိုး သမီး ၀တ်ရွတ် အသင်းမှ ဓမ္မစကြာ ရွတ်ဆို၍ ဆုတောင်းပေးခဲ့ပြီး နံနက် (၁၀) နာရီခွဲ အချိန်တွင် တက်ရောက် လာကြသည့် နိုင်ငံရေး ခေါင်းဆောင်များက ဦးခွန်ထွန်းဦး အပါအဝင်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် လက်မှတ်ရေးထိုး၍ ဆုတောင်းပေး ခဲ့ကြသည်။

ဆုတောင်းပွဲ၌ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ် SNLD နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်စဉ်က ဦးခွန်ထွန်းဦး ပြောကြားခဲ့သည့် မိန့်ခွန်းပါ လက်ကမ်းစာစောင်များကို ဆုတောင်းပွဲ တက်ရောက် လာသူ များအား ဝေငှပေးခဲ့ပြီး ယင်းစာစောင်၌ ဦးခွန်ထွန်းဦး၏ နိုင်ငံရေးခံယူချက်ကို ရေးသားထား သည်ဟု SNLD အဖွဲ့ဝင် ဦးစိုင်းလိတ်က အခုလို ပြောသည်။

“Pamphlet ပါ စာသားလေး တခုကို ကျနော် ပြောပြပါ့မယ်။ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေးဟာ ခေါင်းနဲ့ ပန်းလိုပဲ ထပ်တူ ထပ်မျှ အရေးကြီးတယ်။ ဘယ်ဟာမှ ပိုတယ် လိုတယ် မရှိပါဘူးတဲ့။ဒီမိုကရေ စီအရေးကို ကြိုးပမ်းဖော်ဆောင်နေတဲ့ တပြိုင်တည်းမှာပဲ၊ တိုင်းရင်းသား အရေးကိုလည်း ပြေလည်အောင် ဖြေရှင်းသွားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်တဲ့။” မွေးနေ့ပွဲအား ယမန်နေ့ကလည်း ပြုလုပ်ကျင်းပခဲ့ပြီး ၎င်း၏ အမျိုးသမီးဖြစ်သူ ဒေါ်ဝေဝေလွင် ထောင်ဝင်စာ သွားတွေ့ရာမှ အပြန်နောက်ကျသည့်အတွက် ယနေ့ ထပ်မံပြုလုပ်ပေးခြင်း ဖြစ်သည်။

ယနေ့ပြုလုပ်သည့် မွေးနေ့ပွဲသို့ ၀ါရင့်နိုင်ငံရေး သမားကြီးများ အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ဒု-ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်နှင့် အဖွဲ့ဝင်များ၊ ညီညွတ်သော တိုင်းရင်းသား မဟာမိတ်များအဖွဲ့ UNA  အဖွဲ့ဝင်များ နှင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ ကြသည့် တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မွေးနေ့ပွဲကို မတက်ရောက်နိုင် ခဲ့ပေမယ့် NLD၊ CRPP နှင့် ၎င်း၏ ကိုယ်စား ဦးတင်ဦးမှ ဆုတောင်းစကားပြောကြားပေးရန် မေတ္တာရပ်ခံခဲ့ပြီး “ရည်ရွယ်ချက်ချင်းတူတယ်။ ခံယူချက်ချင်းတူတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက်ကြောင့် အားလုံးအတူလက်တွဲ လုပ်နိုင်ဖို့အတွက် အမြန်ဆုံး လွတ်မြောက် ပါစေကြောင်း သူတို့အနေနဲ့ လေးလေးနက်နက်ဆုတောင်းတဲ့ အကြောင်း” ဦးတင်ဦးကပြောကြားခဲ့သည်ဟု ဦးစိုင်းလိတ်က ပြောသည်။

အခြားတက်ရောက်လာကြသည့် နိုင်ငံရေးခေါင်းဆောင်များကလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ် လိုလားပါက တိုင်းရင်းသားများ၏ အရေးကို ပြေလည်အောင် ဖြေရှင်းပေးရန်နှင့် သံဃာတော်များအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများ အမြန်ဆုံး လွတ်မြောက်စေဖို့ ၀ုိင်းဝန်းဆောင်ရွက်ကြရန် အဓိက လိုအပ်သည်ဟု ပြောဆိုခဲ့ကြသည်။

ဦးခွန်ထွန်းဦး၏ ထောင်တွင်း ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်ရာရှိနေသည်ဟု ဦးခွန်ထွန်းဦးက ဇနီးဖြစ်သူအား ပြောခဲ့ကြောင်း ဦးစိုင်းလိတ်က ယခုလိုပြောသည်။

“သူ့ဆေးကရော အမှန်တကယ် ယုံကြည်စိတ်ချရမှု ရှိရဲ့လားဆိုတာ သူ့အနေနဲ့ ပြန်ပြီး သံသယဝင်တယ် လို့ ဥက္ကဌ ကြီးက ပြောတယ်တဲ့။ ဒါကြောင့်မို့လို့ ဆေးသာ ဆက်စားနေရတယ် ကိုယ့်ကိုယ်ကိုယ် သိပ်တော့ စိတ်မချရဘူးပေ့ါနော်။ ဥပမာ သူ့ရဲ့ ဆီးကြိတ်ရောင် ရောဂါဆိုရင် ဖြစ်တာ ငါးနှစ်လောက်ရှိပြီ အဲဒါ ကင်ဆာများ ဖြစ်နေမလား ဆိုတာ အပြင်မှာ စစ်ကြည့်ချင်တယ်။ ဒါပေမယ့် အဆင်မပြေဘူးပေ့ါနော်။ ကိုယ်တိုင် ဆေးရုံတက်ပြီး ကုရတာမျိုး မဟုတ်တော့
စိတ်ချ လက်ချ မရှိဘူးပေ့ါ။”

ပူတာအို အကျဉ်းထောင်သည် အလွန်အေးသည့်အပြင် ၎င်း၌ ဆီးကြိတ်ရောင်၊ သွေးတိုး၊ နှလုံးနှင့် အစာအိမ် ရောဂါများ ဖြစ်ပွားနေပြီး နေ့စဉ် တနေ့ သုံးကြိမ်ခန့် သောက်ဆေး သောက်နေရကြောင်း သိရသည်။

ဦးခွန်ထွန်းဦးသည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်း ရေးနှင့် ဆက်စပ်၍ အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ထောင်ဒဏ် ၉၃ နှစ် အပြစ်ပေးခံခဲ့ရကာ ကချင်ပြည်နယ် ပူတာအို အကျဉ်းထောင်တွင် အပို့ခံထားရသူဖြစ်သည်။

၎င်း၏ မွေးနေ့ပွဲကို ယမန်နေ့က ရန်ကုန်မြို့ ၉ မိုင် ရှမ်းဘုန်းကြီးကျောင်း၊ မူဆယ်၊ နမ့်ခမ်း၊ သီပေါ၊ တောင်ကြီး၊ ကျိုင်းတုံမြို့တို့အပြင် ထိုင်း၊ ဂျပန်နှင့် မလေးရှား နိုင်ငံများတွင်လည်း ပြုလုပ်ကျင်းပ ခဲ့သည်။

Most read this week