တာချီလိတ် မြို့နယ်အတွင်း မူးယစ်ဆေး စက်ရုံ သိမ်းဆည်းမိ

တာချီလိတ် မြို့နယ်အတွင်း မူးယစ်ဆေး စက်ရုံ သိမ်းဆည်းမိ
by -
ဇော်ကြီး

ရှမ်းပြည်နယ် အရှေ့ခြမ်း တာချီလိတ်မြို့တွင် ရာဘခေါ် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံး ပြုသည့် ဆက်စပ်ပစ္စည်းများ၊စက်ကရိယာ များနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိသည်ဟု ဒေသခံများက ပြောသည်။

Tachileak

ယမန်နေ့ညဦးပိုင်းက မိုင်းဖုန်းကျေးရွာအုပ်စု ပါခုတ် ကျေးရွာဖက်မှ တာချီလိတ်မြို့သို့ မောင်းနှင် လာသည့် ကားနှစ်စီးပေါ်တွင် ရာဘ ခေါ် မူးယစ်ဆေးဝါး တစ်သိန်းကျော်နှင့် ထိုင်းဘတ်ငွေများ ဖမ်းမိခဲ့သည်ဟု သိရကြောင်း တာချီလိတ်မြို့ခံ ကားသမား တဦးက ယခုလိုပြောသည်။

“ဝှေလေလန် ဂိတ်မယ် ဖမ်းမိတာပေ့ါဗျာ။ အဲဒီမှာ မိတော့ သူတို့ လုပ်တဲ့နေရာကို ကွင်းဆက်နဲ့ လိုက်တော့ အဲ့ဒီမှာ ဆက်မိတယ်လို့ ပြောတယ်။ ထိုင်းငွေတော်တော် များများလည်း မိတယ်တဲ့။”

ဖမ်းဆီးခံရသည့် အိုက်ဆတ်၊ အောင်ရင်နှင့် စိုင်းဖူးတို့ သုံးဦးအား အာဏာပိုင်အဖွဲ့မှ စစ်ဆေးခဲ့ပြီး တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက်နေ ပိုင်ရှင်ဖြစ်သူ အိုက်ဆတ်၏ နေအိမ်သို့ ၀င်ရောက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါးများနှင့် ရာဘ ချက်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးဝါးများ၊ထုတ်လုပ်သည့်ကရိယာ များ၊ လက်နက် ခဲယမ်းအချို့နှင့် စက်ရုံ တခုလုံးကို သိမ်းဆည်း မိခဲ့သည် ဟု အာဏာပိုင်နှင့် နီးစပ်သူ တဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အခြား တာချီလိတ်မြို့ခံ တဦးကလည်း “ဆန်ဆိုင်း(ခ) ထွန်းလင်းရောင်လမ်းထဲ က သုံးလမ်းမြောက်မှာရှိတဲ့အိမ်ပေ့ါ။ အိမ်မှာ ဘတ်စကက် ဘောကွင်း လေးတွေ လုပ်ထားတဲ့ “၀”အိမ်လို့ ပြောတယ်။ ကားနဲ့ ဆိုင်ကယ် တွေလည်း မိတယ်တဲ့။ ဆယ်စီးကျော် တယ်လို့ ပြောတာပဲဗျ။ အားလုံး ရဲစခန်းမှာ သိမ်းထားတယ်တဲ့။” ဟု ပြောသည်။

နောက်ဆက်တွဲ စုံစမ်းချက်အရ ပိုင်ရှင်ဖြစ်သူ အိုက်ဆတ်၏ တောင်ယာ ခြံဝင်းအတွင်းနှင့် ၎င်း၏ ညီဖြစ်သူ အိုက်ကျုံး၏ မိုင်းဖုန်း(ခ) ရပ်ကွက် နေအိမ်များသို့ ဆက်လက် ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် လက်နက် ခဲယမ်းများပါ သိမ်းဆည်းမိခဲ့သည်ဟု
သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။ သို့သော် အမည် မဖော်လိုသည့် ရဲအရာရှိ တဦးကမူ “ဖမ်းတာတော့ ဖမ်းတယ်ဗျ။ ဒါပေမယ့် ကျနော်တို့လည်း အတိအကျတော့ မသိရသေးဘူး။ သေခြာသိချင်ရင် မူးယစ်ကို စုံစမ််းကြည့်ပါ။” ဟု ပြောသည်။

အတည်ပြု၍ မရသေးသည့် သတင်းများအရ ယင်းဖမ်းဆီးမှုကြောင့် ထိုင်းဘတ်ငွေ သိန်း (၂၅၀) ကျော် အပါအဝင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း ကာလတန်ဖိုး မြန်မာကျပ်ငွေသိန်းလေးရာ ကျော် ရှိသည်ဟုသိရသည်။

ထိုင်းနှင့် မြန်မာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် လွန်ခဲ့သည့် သြဂုတ်လက နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၀၁၁ ခုနှစ် အတွင်း မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါး ထိန်းချုပ်မှု အလွန်နည်းပါးနေပြီး မူးယစ် ဆေးဝါးမှောင် ခို ရောင်းဝယ်မှုကို တိုက်ဖျက်ဖို့ ပျက်ကွက်သည့် နိုင်ငံ(၃)နိုင်ငံတွင် ပါ၀င်သည်ဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောဆိုခဲ့ကြောင်း လွန်ခဲ့သည့် မတ်လထုတ် ဗွီအိုအေ သတင်း တပုဒ်က ဖော်ပြပါရှိသည်။

Most read this week