“၀” နှင့် မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် အစိုးရ ကိုယ်စားလှယ်ပြော

“၀” နှင့် မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် အစိုးရ ကိုယ်စားလှယ်ပြော
by -
ဇော်ကြီး

ရှမ်းပြည်အရှေ့ခြမ်း အခြေစိုက် “၀” နှင့်မိုင်းလား ခေါ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှစ်ခု အား ငြိမ်းချမ်းရေး ဆက်လက် ထိန်းသိမ်းရန် အစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြောကြား လိုက်သည်ဟု တရုတ်မြန်မာနယ်စပ် သတင်းကဆိုသည်။

nmg-news-pt-08

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယခုရက်ပိုင်းအတွင်း နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး  ဖော်ဆောင်ရေး  ကော်မတီ ဥက္ကဌ ဦးသိန်းဇော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်သောင်းတို့ နှစ်ဦးကယင်းသို့ပြောခဲ့ သည်ဟု တရုတ်မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော က ယခုလိုပြောသည်။

“နံပါတ်(၁) အချက်ပြောတာက အခုလောလောဆယ် ဖြစ်နေတဲ့ ငြိမ်းချမ်းရေး အခြေ အနေကို ဆက်လက် ထိန်းသိမ်းကြပေ့ါဗျာ။ (၂)ကတော့ ဟိုတုန်းက လုပ်ခဲ့တဲ့ ဖွံ့ဖြိုးရေး ကိစ္စတို့ အပြန်အလှန် ဆက်သွယ်ရေး ကိစ္စတို့ ဘာတို့ကို တဖြည်းဖြည်းနဲ့ လုပ်သွားကြရအောင် ဆိုတဲ့ဟာပေ့ါ။ မိုင်းလား ကိုလည်း ဒီစကားပဲ ပြောတာပဲ။”

ယင်းကိစ္စနှင့် ပတ်သက်၍ ပန်ဆန်းရှိ UWSA တပ်ဖွဲနှင့် နီးစပ်သူတဦးက သွားရောက်ဆွေးနွေး သူများ ပြန်မရောက်သေးကြောင်းနှင့် မည်သည့် အကြောင်းအရာများကို ဆွေးနွေးကြသည်ကို မသိရသေးကြောင်း “သူတို့ပြန်လာရင်တော့ အကြောင်းစုံကို ချပြမှာပါ။ အခုလောလောဆယ်တော့ ဘာမှ မသိရသေးဘူး။” ဟု ပြောသည်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့၏ ပြောဆိုချက်အပေါ် “၀” နှင့် မိုင်းလား တပ်ဖွဲ့တို့က တစုံတရာ တုန့်ပြန် ပြောဆိုခဲ့ခြင်း မရှိဟု သိရကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

“၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့နှင့် ယခုလ (၆) ရက်နေ့က တွေ့ဆုံ ခဲ့ပြီး မိုင်းလားခေါ် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု ရှမ်းပြည်အရှေ့ပိုင်း NDAA-ESS တပ်ဖွဲ့နှင့်မူ ယခုလ (၇) ရက်နေ့က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

UWSA တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့တွင် အမြဲတန်း ဗဟိုကော်မတီဝင် သုံးဦးဖြစ်သည့် “၀” တပ်ဖွဲ့ ဥက္ကဌ ဦးပေါက်ယိုချန်း ၏ညီ ဦးပေါက်ယိုလျန်က ဦးဆောင်ပြီး နိုင်ငံခြားရေးဌာန တာဝန်ခံ ဦးကျောက်ကော်အန်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဦးအောင်မြင့်တို့ ပါ၀င်သည်။

လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်ကို ပြည်ထောင်စု အစိုးရက တရားဝင် ထုတ်ပြန်ခဲ့ရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် အချိန်မရွေး ဆွေးနွေး နိုင်သည်ဟု ဖော်ပြခဲ့သည်။

သို့သော် အစိုးရ တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား ပြည်နယ် အစိုးရအဆင့်အနေဖြင့်ပင် တရားဝင် ကမ်းလှမ်းမှုမျိုး မရှိဘဲ UWSA နှင့် မိုင်းလားတပ်ဖွဲ့ထံ ကမ်းလှမ်းလာသည့်အပေါ် “တတိုင်းတပြည်လုံးအတွက် အမျိုးသားရေး လက္ခဏာ မဆောင်တဲ့ လုပ်ရပ်ဘဲ။ “၀” နဲ့ မိုင်းလားက လက်နက်အင်အား ကြီးတဲ့ အတွက် (၁) အချက်က ချက်ချင်း တိုက်လို့မရဘူး။ နောက်တခုက တရုတ်ပြည်က ခံနေလို့ တိုက်လို့မရဘူး။ အဲဒီကြားထဲမှာ ဟိုတုန်းက ဘော်ဒါဂတ် ကိစ္စကို ပြတ်ပြတ်သားသား ပြောနေရာ ကနေ အခု ပြောင်းပြီးတော့ ပြောတယ်။” ဟု ဦးအောင်ကျော်ဇောက ထောက်ပြပြောဆိုသည်။

ထို့အပြင် “ဒေသ အစိုးရနဲ့ တခေါက်မှ မတွေ့ရဘဲနဲ့ ဗဟို အစိုးရက တိုက်ရိုက်လာပြီးတော့အထူးကိုယ်စား လှယ်တွေနဲ့ လာတွေ့တာ တွက်ကြည့်ရင် ဒီဟာက သူတို့ အထဲက အကြပ်အတည်း ကိုလည်းဖော်ပြရာ ကျတယ်။” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် အကယ်၍ လက်မခံပါက သောင်းကျန်းသူအဖွဲ့အစည်းအဖြစ် တရားဝင် သတ်မှတ်မည်ဟု လွန်ခဲ့သည့် ၂၀၀၉၊ ၂၀၁၀ ခုနှစ်များ အပါအဝင် ယခုနှစ်ဆန်းပိုင်းကာများအထိ အစိုးရဖက်က ပြောဆိုနေခဲ့သည်။

UWSA နှင့် NDAA-ESS တပ်ဖွဲ့များသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ထားသည့် အဖွဲ့များဖြစ်သည်။ ထို့အပြင် လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းက ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N၊ ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ တို့နှင့် စစ်ရေးမဟာမိတ် ဖွဲ့စည်းထားခဲ့သည်။

Most read this week