ဒဂုံမြို့သစ် လယ်မြေဧက ၂၀၀ အသိမ်းခံရမည့် အရေး တိုင်ကြားစာတင်

ဒဂုံမြို့သစ် လယ်မြေဧက ၂၀၀ အသိမ်းခံရမည့် အရေး တိုင်ကြားစာတင်
by -
အားမီ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ဘိုးဘွားစဉ်ဆက် စိုက်ပျိုးလုပ်ကိုင်လာခဲ့သည့် လယ်မြေ ဧက၂၀၀ ကျော် သိမ်းဆည်းခံရမည့် အန္တရာယ် ရှိနေသဖြင့် လယ်ပိုင်ရှင်များကမြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးသို့ တိုင်ကြားစာ ပေးပို့ခဲ့သည်။

nmg-news-pt-07တိုင်ကြားစာကို ယမန်နေ့က ပေးပို့ခဲ့ပြီး ၎င်းလယ်မြေများအား ကောင်းမြန်မာကုမ္ပဏီက ပန်းပုကျေးရွာ တည်ထောင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု တိုင်ကြားစာ၌ ဖော်ပြထားသည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်းက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ပိုက်ဖြင့် သဲများမှုတ်တင်ခဲ့ခြင်း ပိုက်များချ ထားခြင်းတို့ကြောင့် လယ်မြေ ၂၄ ဧက ပျက်စီးခဲ့သည့်အပြင် အခြား လယ်မြေ (၁၇၆) ဧကကိုလည်း တိုင်များစိုက်ထူကာ အမှတ်အသားများ ပြုလုပ်ထားခဲ့သည်ဟု တိုင်ကြားစာပေးပို့သည့် လယ်သမားများက ပြောသည်။

လယ်ယာမြေများတွင် အမှတ်အသား တိုင်စိုက်ထူခြင်းမှာ အဆိုပါလယ်မြေများကို အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကုမ္ပဏီမှ သိမ်းယူခြင်း မပြုမီ တိုင်းတာလေ့ရှိသည့် အတွက် လယ်သမားများက စိုးရိမ်လျက်ရှိခြင်း ဖြစ်သည်။

သဲမှုတ်တင်ခြင်းကြောင့် ၎င်းပိုင် လယ်ဧက ၂၀ ပျက်စီးခဲ့ရသူ ဦးတင်ဦးက “စပါးတွေက ငုံစလေ၊ အခုက သဲတွေ ပိုက်တွေ ပိပြီး ပျက်စီးကုန်ပြီ။ ဘယ်ကမှန်းမသိတဲ့ သဲတွေ၊ ပိုက်တွေကို လာထားထားတယ်၊ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက စပြီး လယ်ထဲမှာ ရှိနေတာ” ဟု ပြောသည်။

အလားတူ လယ်မြေဧက ၄ ဧက ပိုင်ဆိုင်သည့် လယ်သမားတစ်ဦးကလည်း “အခုက ပိုက်တွေက ပေါက်ပြီး သဲတွေက ပြန့်ကုန်တာ၊ အဲ့တော့ လယ်တွေ ပျက်စီးကုန်တာပေါ့။ စပါးတွေ စိုက်ထားတာ သိသိကြီးနဲ့ဗျာ ” ဟု ပြောသည်။

တိုင်ကြားစာပေးပို့ရခြင်းနှင့် ပတ်သက်၍ “လယ်မှုခင်းကို တရားဝင်ဖွင့်မယ်ဆိုရင် အဆင့်ဆင့် ဆောင်ရွက် ရတယ်၊ အဲ့ဒါကြောင့် ပထမဆုံးအဆင့် အနေနဲ့ ဒီနေ့ပဲ တိုင်စာပို့လိုက်တာပါ” ဟု လယ်ယာမြေ အရေး ဆောင်ရွက်နေသည့် လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူက ပြောသည်။

တိုင်ကြားစာကို မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးအပြင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အပါအဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ရုံးများသို့ မိတ္တူပေးပို့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုလယ်မြေများသည် ၁၉၅၃ ခုနှစ်၊ လယ်မြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပုဒ်မ(၆) အရ ပြန်လည်သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရသော လယ်မြေများဖြစ်သည်ဟု လယ်သမား (၄၂) ဦး ပါဝင်လက်မှတ်ရေးထိုးထားသည့် တိုင်ကြားစာတွင် ဖော်ပြထားသည်။

ယခု လောလောဆယ်တွင် ယင်းလယ်မြေများအတွင်း လုပ်ဆောင်လျက်ရှိသော သဲသွန်ခြင်း၊ ပိုက်လိုင်းများ ချထားခြင်းနှင့် လယ်မြေများအား အမှတ်အသား တိုင်စိုက်ခြင်း များကို ရပ်ဆိုင်းထားသည်ဟုလယ်သမား များက ပြောသည်။

လွန်ခဲ့သည့် ဧပြီလကလည်း အလားတူ သဲမှုတ်တင်မှုကြောင့် ပျက်စီးသွားသည့် လယ် ၂၄ ဧက အတွက် ကောင်းမြန်မာ ကုမ္ပဏီမှ တစ်ဧကလျှင် ကျပ်(၃၂၀,၀၀၀)နှုန်းဖြင့် လျော်ကြေး ပေးခဲ့သည်ဟု ရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်အတွင်းရှိ  လယ်သမားများက “နိုင်ငံတော်၏ စိုက်ပျိုးရေး အထူး အထွက်တိုးဇုံ” စီမံချက်ကြောင့် ဆုံးရှုံးသွားသော လယ်မြေဧက တစ်သောင်းကျော် ပြန်လည်ရရှိရေးအတွက် နေပြည်တော်ရှိ လွှတ်တော်ဆိုင်ရာရုံးများနှင့် သမ္မတရုံးသို့ ယခင်လ (၃၁) ရက်နေ့က သွားရောက် တိုင်ကြားစာ ပို့ခဲ့ကြသည်။

Most read this week