တရုတ်ပိုက်လိုင်း စီမံကိန်းဒေသ အတွင်း ကာရာအိုကေနှင့် အနှိပ်ခန်းများ ပိုများလာ

တရုတ်ပိုက်လိုင်း စီမံကိန်းဒေသ အတွင်း ကာရာအိုကေနှင့် အနှိပ်ခန်းများ ပိုများလာ
by -
သတင်းနှင့် မီဒီယာကွန်ယက်

ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း တည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတွင် ဖျော်ဖြေရေး လုပ်ငန်းများဖြစ်သည့် ကာရာအိုကေဆိုင်နှင့် ဇိမ်ခံအနှိပ်ခန်းများ ပိုမို များပြားလာသည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။

စီမံကိန်း စတင်ချိန်က ယင်းလုပ်ငန်းများ မရှိသေးသော်လည်း နောက်ပိုင်းတွင် (၁၅) ဆိုင်ခန့် ဖြစ်လာသည်ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံတဦးက ယခုလိုပြောသည်။

nmg-news-pt-05“အရင်တုန်းကတော့ ဗွီဒီယိုပြတဲ့နေရာတွေမှာ ကာရာအိုကေ ဆိုကြတာလောက်ပဲ ရှိတယ်။ အခုကတော့ (ဇိမ်ခံအနှိပ်ခန်း)ဆိုင်တွေ သီးသန့် ဖွင့်ပြီးတော့ကို လုပ်နေကြတာ။ အဲ့ဒီဆိုင်တွေကို ကျောက်ဖြူကို ရောက်လာတဲ့ တရုတ်တွေက ပိုပြီး သွားကြတာ များတယ်။”

စီမံကိန်းနှင့် နယ်မြေအခြေအနေများကို အနီးကပ် စောင့်ကြည့်လေ့လာနေသည့် ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့(Shwe Gas Movement) က ယင်းကိစ္စအပေါ် ထောက်ပြပြောဆို လိုက်ပြီး တရုတ်နိုင်ငံ၏ ပိုက်လိုင်းစီမံ ချက်ကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပေါ်လာခြင်း “အကုန်ရောင်းတဲ့မူဝါဒ” အစီရင်ခံစာ တစောင်ကို ယမန်နေ့က ထုတ်ပြန် လိုက်သည်။

အလားတူ ရခိုင်ပြည်နယ် ကုန်းတွင်းပိုင်းတွင် အမျိုးသားဝန်ထမ်းများအတွက် ဖျော်ဖြေရေး လုပ်ငန်းများ တိုးလာသည့်အပြင် မဒေးကျွန်းရှိ အလုပ်သမားများ အသုံးတော်ခံရန် အမျိုးသမီး (၂၀)ခန့်အားလည်း ကျောက်ဖြူမြို့မှ နေ့စဉ် ပို့ဆောင်ပေးနေရသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

ထိုဖျော်ဖြေရေး လုပ်ငန်းများကို ဒေသတွင်းရှိ စစ်တပ်အရာရှိများက ပိုင်ဆိုင်ပြီး ဒေသခံ အာဏာပိုင်များက စီမံခန့်ခွဲနေသည်ဟု ကျောက်ဖြူ ဒေသခံက “အခုက ဒေသခံတွေက မြင်နေပေမယ့် ဘယ်သူမှ မပြောရဲကြဘူး။” ဟု ပြောသည်။

မဒေးကျွန်းသည် ကျောက်ဖြူမြို့နှင့် ရ မိုင်ကွာဝေးပြီး ထိုဒေသတွင် ကျောက်ဖြူအထူးစီးပွားရေးဇုံ အပြင် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း ဆောက်လုပ်ရေး ပစ္စည်းတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် နိုင်ငံတကာ ရေနက်ဆိပ်ကမ်း   စီမံကိန်းလည်း ဖော်ဆောင်လျက် ရှိသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမှ စတင်ပြီး မြန်မာပြည်တွင်း ကီလိုမီတာ ၈ဝဝ ခန့် ဖြတ်သွားမည့် ပိုက်လိုင်းနှစ်ခုသည် မင်းဘူး-မန္တလေး-ကျောက်မဲ- သီပေါ- လားရှိုး- ကွတ်ခိုင်- မူဆယ်မှတဆင့် တရုတ်ပြည် ရွှေလီမြို့၏ အရှေ့တောင်ဘက် ၁၂ ကီလိုမီတာအကွာရှိ ဝမ်တိန်မြို့နယ်ခွဲသို့ ပေါက်မည်ဟု သိရသည်။

သဘာဝဓာတ်ငွေ့စီမံကိန်းကို တောင်ကိုးရီးယား ဒေဝူးကုမ္ပဏီ၊ တရုတ်အစိုးရပိုင် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC)၊ အိန္ဒိယ မှ ONGC Videsh ကုမ္ပဏီ၊ Gas Authority of India – GAIL၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE တို့ ပူးတွဲလုပ်ဆောင်နေကြသည်ဟု သိရသည်။

Most read this week