အစိုးရ၏ ငြိမ်းချမ်းရေးအပေါ် မြောက်ပိုင်း SSA က သံသယဖြစ်

အစိုးရ၏ ငြိမ်းချမ်းရေးအပေါ် မြောက်ပိုင်း SSA က သံသယဖြစ်
by -
ဇော်ကြီး

အစိုးရသစ်က အပစ်အခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်း ရေး ကိစ္စရပ်များကို လွှတ်တော်အတွင်း ဆွေးနွေး နေသော်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေးပေါ်ပေါက် လာမည်မဟုတ်ဟု သံသယ ဖြစ်မိကြောင်းမြောက် ပိုင်း SSA ကပြောသည်။

nmg-news-pt-06ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များဆောင်ရွက်ရန် အချိန်ကောင်း ရောက်ပြီဖြစ်၍ ယင်းကိစ္စ အစိုးရ အဖွဲ့အနေဖြင့် မူဝါဒချမှတ်သင့်ပြီ ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက နေပြည်တော်တွင် ကျင်းပနေသည့် ပြည်သူ့လွှတ်တော် (၁၂)ရက်မြောက် အစည်းအဝေးတွင်တင်ပြဆွေးနွေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အစိုးရ အနေဖြင့် တရားဝင် ကြေငြာချက် ထုတ်ပြန်ထားပြီးဖြစ်သလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တို့တာဝန်အရေး သုံးပါးကို အာမခံသော မူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း သတင်းစာက ဆက်လက်ဖော်ပြသည်။

ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့က လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် အချက်(၃) ချက်ပါ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း ကြေငြာချက်ကို တရားဝင် ထုတ်ပြန်ခဲ့သလို လွှတ်တော်တွင်း အစည်းဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေး ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့သည်။

သို့သော်လည်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဆွေးနွေးမှုကို လက်မခံနိုင်ကြောင်း လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့အားလုံးက ငြင်းဆိုထားပြီး ဖြစ်၍ အစိုးရသစ်က ယခုလို ပြောဆိုမှုများသည်စစ်မှန် သည့် ငြိမ်းချမ်းရေးကို မလိုလားသည့် လက္ခဏာတရပ်ဖြစ်သည်ဟု ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ယခုလို ပြောသည်။

“သူတို့က ဒီလိုပဲ ပြောနေတယ်ဆိုရင်တော့ တကယ့် ငြိမ်းချမ်းရေးကို အလို မရှိဘူးလို့ ကျနော်တို့ ယူဆရမှာပဲ။ သူတို့က သဘောရိုးနဲ့ ကမ်းလှမ်းတာ မဟုတ်ဖူးလို့ပဲ ယူဆရမှာပေ့ါ။ သူတို့ အဲဒီ ထုတ်ပြန်ကြေငြာချက် ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ ဘာမှလည်း အပြောင်းအလဲ မရှိသေးဘူး။ ဒါကြောင့် သူတို့ရဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ဟာကို ကျနော်တို့က သံသယတော့ ဖြစ်မိတယ်။”

တချိန်တည်းတွင် SSA/SSPP ထိန်းချုပ်ရာဒေသများတွင် အစိုးရတပ်က စစ်ရေးလှုပ်ရှားမှုများ ပိုမို ပြုလုပ်လာ နေသည့်အတွက် ဒေသတွင်းတိုက်ပွဲများ   ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ နားယိပ်နှင့် မောက်တောင်း ကျေးရွာအကြားတွင် ယခုလ (၄) ရက်နေ့ (၁၁) ရီခွဲ အချိန်ခန့်က နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး “သူတို့က (၃) ယောက်ကျတယ်၊ နှစ်ယောက် ဒဏ်ရာရ သွားတယ်။ အဲဒီ ဒဏ်ရာ ရတဲ့ နှစ်ယောက်မှာ ဗိုလ်ကြီးအဆင့်တယောက်နဲ့ စိန်ကျော့ ပြည်သူ့စစ်အဖွဲ့က တစ်ယောက်ပါတယ်။ အဲဒီ နှစ်ယောက်ကို သူတို့က လားရှိုးကနေတဆင့် မင်္ဂလာဒုံ စစ်ဆေးရုံကိုပို့လိုက်တယ် လို့ သတင်းရတယ်။” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။

ထို့အပြင် ယခုလ (၄) ရက်နေ့ကပင် မိုင်းရှူးမြို့နယ် ဟိုင်းပါ ကျေးရွာအနီး၌ အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၂၉၆) နှင့် မြောက်ပိုင်း SSA တပ်ဖွဲ့တို့ နေ့လည်ပိုင်း မွန်းတည့်ချိန်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးအစိုးရတပ် ဖက်မှ (၃) ဦးကျဆုံး၍ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆက်လက် ပြောဆိုသည်။

အလားတူ ထိုနေ့ တရက်တည်း၌ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ကောင်းလန်ကျေးရွာ အနီးတွင် လည်း နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု “အဲဒီပစ်ခတ်မှုမှာတော့ သူတို့ဖက်က (၆) ယောက်ကျပြီးတော့ အများအပြား ဒဏ်ရာရတယ်။ အဲဒီဒဏ်ရာရတဲ့သူတွေကို ကားငယ် ငါးစီးနဲ့ ၀မ့်ဝပ် ဘုန်းကြီးကျောင်းက နေပြီးတော့ ၀မ့်ဖြတ် တပ်စခန်းဆီ သယ်သွားကြတယ်။” ဟုဗိုလ်မှူး စိုင်းလ က ပြောသည်။

ယင်းထိခိုက်သေဆုံးမှုစာရင်းကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မြောက်ပိုင်း SSA အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသော်လည်း အစိုးရတပ်ဖွဲ့များက လိုက်လံတိုက်ခိုက် နေသည့် အတွက် ပြန်လည် ပစ်ခတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ အကယ်၍ အမှန်တကယ် ငြိမ်းချမ်းရေးကို တည်ဆောက်လိုပါက ဒေသတွင်း တိုက်ခိုက်နေမှုများအား ရပ်ဆိုင်းရန်နှင့် အစိုးရတပ်ဖွဲ့များအားသက် ဆိုင်ရာ တပ်ရင်းများထံ ပြန်လည် ဆုတ်ခွာ ပေးရမည်ဟု SSA က အစောပိုင်း ကတည်းကပြောဆိုခဲ့ပြီး ဖြစ်သည်။

ဒေသတွင်း တိုက်ပွဲများကြောင့် မြောက်ပိုင်း SSA ၀မ့်ဟိုင်း ဌာနချုပ်အနီး မြို့နယ်(၉)ခုမှ စစ်ပြေးဒုက္ခသည် သုံးသောင်းကျော် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားရေရိက္ခာနှင့် ဆေးဝါးများအခက်အခဲဖြစ် နေကြသည်ဟု ထိုင်းနိုင်ငံ နယ်စပ်အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားမှုဆောင်ရွက်ရေး အသင်း SWAN အဖွဲ့လေ့လာချက်များကဆိုသည်။

Most read this week