တာချီလိတ်ခရိုင် အားကစား ရံပုံငွေကောက်ခံမှု ဒေသခံများ မကျေနပ်

တာချီလိတ်ခရိုင် အားကစား ရံပုံငွေကောက်ခံမှု ဒေသခံများ မကျေနပ်
by -
ဇော်ကြီး

ရှမ်းပြည်အရှေ့ခြမ်း တာsချီလိတ်မြို့ပေါ်ရှိ ဌာန ဆိုင်ရာရုံးများနှင့် ရပ်ကွက်ကျေးရွာများ အတွင်း ခရိုင် အားကစားနှင့် ကာယပညာကော်မတီ ရံပုံငွေအဖြစ် စတစ်ကာများ ရောင်းချနေသည့် အပေါ် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

imagesယင်းစတစ်ကာ မျက်နှာပြင်ပေါ်၌ အားကစား အမှတ်အသားပုံစံ ကွင်းအဝိုင်းလေးများအားရောင်စုံချယ် သထားပြီး ခရိုင်အားကစား နှင့် ကာယပညာ ကော်မတီ ရံပုံငွေ၊ ၂၀၁၁ ခုနှစ် တာချီလိတ်မြို့ဟုရေးသား ထားသည်။

စတစ်ကာ အမျိုးအစား နှစ်မျိူးအနက် ပထမတမျိုးမှာ အလျား (၈) လက်မ အနံ (၃)လက်မခန့်ရှိ အရွယ်အစားကို ထိုင်းဘတ်ငွေ (၁၀၀)ဖြင့် ကားပိုင်ဆိုင်သူများကို ရောင်းချနေခြင်းဖြစ်ပြီး ဒုတိယတမျိုးမှာ အလျား(၄) လက်မ၊ အနံ နှစ်လက်မခန့် အရွယ်အစားကို ဆိုင်ကယ် ပိုင်ဆိုင် သူများထံ ဘတ်ငွေ (၅၀)ဖြင့် ရောင်းခြင်းဖြစ်သည်။

ယင်းသို့ ရောင်းချနေသည့် အခြေအနေကို တာချီလိတ် မြို့ခံ ကားသမား တဦးကယခုလို ပြောသည်။

“အမြတ်တော်ခွန်တို့၊ ကညန ရုံးတို့ ဌာန တော်တော်များတယ်ဗျ။ သူတို့ရုံးတွေ ရောက်တာနဲ့ ယူပေးကြပါဦး ကျနော်တို့လည်း အထက   ရောင်းခိုင်းလို့     ရောင်းရတာပါဆိုပြီး မယူမနေရ ဆိုပြီးတော့ ရောင်းနေ ကြတယ်။ ဟိုရုံးမှာ ၀ယ်ပြီးပြီလို့ ပြောရင် ဟိုရုံးက ဟိုရုံးသတ်သတ်ပဲ ဒီရုံးကဒီရုံးဆိုပြီး ၀ယ်ခိုင်းတယ်။ ကျနော်ဆိုရင် သုံးစောင်လာက်ရှိပြီဝယ်နေရတာ။”

အခြားတာချီလိတ် မြို့ခံတဦးကလည်း မြို့ပေါ် သွားလာနေသူများသာမက ရပ်ကွက်ကျေးရွာများ အတွင်း၌ တအိမ်တက်ဆင်း ရောင်းချမှုများ ပြုလုပ်   နေသည်ဟု ပြောသည်။ လောလောဆယ်တွင် အားကစားပွဲ ပြုလုပ်ခြင်းမရှိဘဲ ရံပုံငွေ အကြောင်းပြချက်ဖြင့် ရောင်းချနေ သည့်အတွက် မြို့ခံများကြား မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း ယခုလိုပြောသည်။

“ဆိုင်ကယ်တွေ၊ ကားတွေကို တားတယ်။ စစ်ဆေးတယ်။ ပြီးတော့ အဲတာကို ယူခိုင်းတော့ တစ်ရာ ထုတ်ပေးရတယ်။ ပြီးတော့ ကားတွေ ဆိုင်ကယ်တွေမှာ လိုက်ကပ်ထားလိုက်တယ်။ ကပ်ထား တာတော့ ဟုတ်ပါပြီ။ အဲတာက ဘီးခွန်ဆိုလည်း ဘီးခွန်ပေ့ါ။ ဒါလည်း မဟုတ်ပြန်ဘူး။ ရဲစစ်ရင် ပြဖို့လားဆိုတာလည်း မဟုတ်ပြန်ဘူး။ ဘာမှ သုံးလို့မရဘူးဖြစ်နေတယ်။”

ယင်းစတစ်ကာ များအား မြို့ပေါ် ဌာန ဆိုင်ရာ အသီးသီးသို့ ခွဲတန်း စံနစ်ဖြင့် ရောင်းချခိုင်းနေခြင်း ဖြစ်၍ စုစုပေါင်း ထိုင်းဘတ်ငွေ (၆) သိန်းရသည်အထိ ကောက်ခံရမည်ဟု သိရကြောင်း အာဏာပိုင်အဖွဲ့နှင့် နီးစပ်သူတဦးက ယခုလို ပြောသည်။

“အားလုံးပေါင်း (၈) ဌာနရှိတယ်။ တဖွဲ့ကို ဘယ်လောက်ဘယ်လောက် သတ်မှတ်ပြီးတော့ သူ့ခွဲတန်းနဲ့သူ ပေးရမယ်ဆိုပြီးတော့ အားလုံးပေါင်း ဘတ်(၆)သိန်း ကောက်ခိုင်းတယ်။ အဲဒီရောင်းရတဲ့ဟာတွေကို ပြည်နယ် ၀န်ကြီးဆီ ပြန်တင်ပြရမယ်တဲ့။” ဟု အာဏာပိုင်နှင့် နီးစပ်သူက ပြောသည်။

တာချီလိတ် မြို့ပေါ်တွင် ယခုလို ရံပုံငွေ ကောက်ခံမှုများ ယခင်ကတည်းက ရှိခဲ့သော်လည်း မည်သို့အသုံးပြု ခဲ့သည်ကို မသိရသလို ယခုကောက်ခံမှုများအား ပြည်သူလူထုအကျိုးပြုစေမည့် လုပ်ငန်းများတွင် အသုံးပြု စေလိုကြောင်း မြို့ခံများက ထောက်ပြပြောဆိုသည်။

Most read this week