မိုးညှင်းမြို့ ဆွေးနွေးပွဲမှ မြစ်ဆုံရေကာတာ စီမံကိန်း အပေါ် ကန့်ကွက်

မိုးညှင်းမြို့ ဆွေးနွေးပွဲမှ မြစ်ဆုံရေကာတာ စီမံကိန်း အပေါ် ကန့်ကွက်
by -
ဇော်ကြီး

ကချင်ပြည်နယ် မိုးညှင်းမြို့တွင်သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ တရပ်ကို ယနေ့နံနက်က ကျင်းပခဲ့ပြီး ဧရာဝတီ မြစ်ဆုံ ရေကာတာ တည်ဆောက်သည့် စီမံကိန်း များအား ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့သည်။

-irrawaddy-dam1ဆွေးနွေးပွဲအား မိုးညှင်း နိုင်ငံသားကောင်းများကွန်ယက်အဖွဲ့က ဦးဆောင်၍ မြို့မဒေသစိတ်(၂) ရပ်ကွက်ရှိ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး တွင် ပြုလုပ်ခဲ့ပြီး အချက် နှစ်ချက်ကို အဓိကထား ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ၌ ရန်ကုန်မြို့ အခြေစိုက် ဗေဒါ အင်စတီကျု့ အခမဲ့ ပညာသင်ကျောင်းမှ ကျောင်းဆရာလည်းဖြစ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တသီးပုဂ္ဂလ ပညာရှင်လည်းဖြစ်သူ ဆရာ ဦးဝင်းချို က မြစ်ဆုံ စီမံကိန်း၏ အကျိုးအပြစ်များအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်သူ အားလုံးက မြစ်ဆုံရေကာတာ စီမံကိန်းအပေါ် ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခဲ့သည်ဟု (NLD) အဖွဲ့၏  ပြည်နယ် အတွင်းရေးမှူး ဦးတင်ဝယ်က ယခုလို ပြောသည်။

“အခု ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင် ငါးဆယ်လောက်နဲ့ ပြင်ပက အဖွဲ့ချုပ်မဟုတ် သူတွေရယ် လူငယ် ကွန်ယက် အဖွဲ့ဝင်တွေအားလုံးအပါအဝင် လူပေါင်း ၂၁၀ ကနေ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး လက်မှတ်ထိုး ကန့်ကွက်ကြပါတယ်ခင်ဗျ။”

လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ဧရာဝတီမြစ် ပျက်စီးစေမည့် စီမံကိန်းများ ရပ်တန့် ပေးရန် မြစ်ကမ်းတလျောက်ရှိ  မြို့ကြီးများတွင် လက်မှတ်ထိုး တောင်းဆို ခဲ့ကြသည်။ အလားတူ မြန်မာနိုင်ငံမှ ဇီဝမျိုးစုံ ထိန်းသိမ်းရေး အသင်းနှင့် တရုတ်နိုင်ငံမှ စစ်တမ်း၊ စီမံကိန်း ဒီဇိုင်းနှင့် သုတေသန အဖွဲ့တို့မှ ပညာရှင် (၈၀) ပါ၀င်သည့်အဖွဲ့သည် ၂၀၀၉ ခုနှစ် က မြစ်ဆုံ နေရာသို့ သွားရောက်၍ (၅)လကြာ ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ပြီး ရေကာတာမဆောက်လုပ်ရန် သတိပေးပြောကြားခဲ့ဖူးသည်။

မိုးညှင်း နိုင်ငံသားကောင်းများ ကွန်ယက်အား ၂၀၁၁ ခုနှစ် သြဂုတ် လကုန်ပိုင်းကစတင်၍လူငယ်လူလတ်ပိုင်း အရွယ်များဖြင့် တိုင်းပြည် တည်ဆောက်ရေး အတွက် တဖက်တလမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဖွဲ့လုပ်ငန်း များအား လွန်ခဲ့သည့် စနေနေ့က စတင် အကောင်အထည် ဖော်ခဲ့ပြီး အပတ်စဉ် စနေ နေ့တိုင်း   ပြုလုပ်သွားရန် ရှိသည်ဟု သိရသည်။

ယင်းကွန်ယက်ကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက််တွင် ထားရှိမည်ဖြစ်ပြီး  ကွန်ယက် ချိတ်ဆက်နည်း သဘောတရားများကိုမူ ရန်ကုန်မြို့ အခြေစိုက် ဗေဒါ အင်စတီကျု့ အခမဲ့ပညာ သင်ကျောင်းမှ ဆရာဦးမျိုးရန်နောင်သိန်းက ဆွေးနွေး တင်ပြခဲ့သည်။

ဆွေးနွေးပွဲသို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်နယ် ဥက္ကဌ ဦးဒါရှီလဆိုင်း အပါအဝင် ပြည်နယ် စည်းအဖွဲ့ဝင်များ မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ တနိုင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူစသည့် ဒေသများမှ ကွန်ယက် အဖွဲ့ တာဝန်ခံများ၊ နာရေးကူညီမှု အသင်းမှ ပုဂ္ဂိုလ်များ၊ သာမာန် အရပ်သားများ အင်အား ၂၀၀ ကျော်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ခြင်း မရှိပေ။ အစိုးရ၏ သတင်းနှင့် မှတ်တမ်းဌာနက ဓါတ်ပုံရိုက်ယူခဲ့သော်လည်း တစုံတရာ နှောင့်ယှက် ဟန့်တားမှု မရှိကြောင်း သိရသည်။

Most read this week