၀နှင့် မိုင်းလားတပ်ဖွဲ့ကို အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်း

၀နှင့် မိုင်းလားတပ်ဖွဲ့ကို အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်း
by -
ဇော်ကြီး

ရှမ်းပြည်အရှေ့ပိုင်းရှိ “၀” နှင့် မိုင်းလားတိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့ နှစ်ခုထံ ဒေသခံ အာဏာပိုင်များမှတဆင့် ငြိမ်းချမ်းရေးကမ်းလှမ်း စာ ပေးပို့ခဲ့ကြောင်း ယင်းလက်နက်ကိုင်တပ်ဖွဲ့များ နှင့် နီးစပ်သူက ပြောသည်။

မိုင်းလားတပ်ဖွဲ့  NDAA-ESS ဓာတ်ပုံ- S.H.A.N.
“၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု ရှမ်းပြည် အရှေ့ပိုင်း NDAA-ESS တပ်ဖွဲ့များထံသို့ ငြိမ်းချမ်းရေး ကမ်းလှမ်းစာကို လွန်ခဲ့သည့် သြဂုတ်လ ကုန်ပိုင်းက ပေးပို့ခဲ့သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ ကိုစိုင်းမိန်းက ယခုလို ပြောသည်။

“မိန်းလား(မိုင်းလား)တို့ “၀” တို့ ဗဟိုဌာနချုပ်ကို တိုက်ရိုက် မဆက်သွယ်ဘဲနဲ့ ကျိုင်းတုံ မြို့ကနေ မိန်းယန်း အာဏာပိုင်ဆီကို သူတို့က စာပို့တာ။ အဲဒီ မိန်းယန်း အာဏာပိုင်ကနေ ဆီလူးနဲ့ မိန်းပေါက်ကို ပို့တာ။”

စာပါအကြောင်းအရာ အသေးစိတ်ကို မသိရသေးကြောင်း စိုင်းမိန်းက ဆက်လက် ပြောဆိုသည်။ဆီလူးမြို့ သည် မိုင်းလားတပ်ဖွဲ့ခေါ် NDAA တပ်မဟာ (၃၆၉) ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်ပြီး မိုင်းပေါက်မြို့မှာ UWSA တပ်မဟာ (၄၆၈) ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်သည်။

UWSA ဌာနချုပ် ပန်ဆန်းရှိ “၀” တပ်မှူးတဦးက ဗဟိုဌာနချုပ်သို့ တိုက်ရိုက်ပေးပို့ခြင်း မဟုတ်သည့် အတွက် ယခုလို ဝေဖန်ပြောဆိုသည်။

“ဒါတွေက ကျနော်တို့ အောက်ခြေကို ဆွဲပြီးတော့ မဟုတ်တဲ့ဟာကို လုပ်နေတာပဲလေ။ အကယ်၍လုပ်တယ်ဆို ရင် ဒါက ဖြိုခွဲရေး လုပ်ငန်းပဲ ဖြစ်တာကိုး။ ဒါတွေက အခုပဲ လုပ်တာ မဟုတ်ဖူး။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန် တွေ က တသက်လုံး ဒီလိုပဲ လုပ်လာတာလေ။”

ယခုလို လုပ်ရပ်မျိုးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ပေါ်ထွန်းလာမည် မဟုတ်ဟုလည်း ၎င်းက ဆက်ပြောသည်။

အလားတူ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/SSPP တပ်ဖွဲ့ ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလကလည်း “အဲတာ သူတို့ ပေါ်လစီပဲလေ။ သူတို့ ဖဲ့ထုတ်၊ ခွဲတိုက်တဲ့ ဗျူဟာလေ။ အဲတာ ဖဲ့ပြီးတော့ စည်းရုံးတဲ့ သဘောမျိုးပေ့ါ။ သူတို့ အရင်က အာဏာရှင် ခေတ်ကတည်းက လုပ်တဲ့ပုံစံပါပဲခင်ဗျ။” ဟု ပြောဆိုသည်။

လွန်ခဲ့သည့် သြဂုတ်လ(၁၈) ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းကြေငြာချက်ကိုမြန်မာအစိုးရ က ထုတ်ပြန်ခဲ့ပြီး မည်သည့် လက်နက်ကိုင် တပ်ဖွဲ့များမဆို ငြိမ်းချမ်းရေး ရယူလိုသည့် ဆန္ဒရှိပါကသက်ဆိုင် ရာ ပြည်နယ် အစိုးရနှင့် အချိန်မရွေး ဆွေးနွေးနိုင်သည်ဟုဖော်ပြထားသည်။

UWSA နှင့် NDAA-ESS တပ်ဖွဲ့များသည် စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန် ထားပြီး ရှမ်းပြည်တပ်မတော် SSAမြောက်ပိုင်း ၊ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့တို့နှင့် ၂၀၁၀ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းက စစ်ရေး မဟာမိတ်ဖွဲ့စည်းထားသည်။

Most read this week