နယ်စပ်မှ တရုတ် စစ်ကားများ ဆက်တိုက် ပို့နေ

နယ်စပ်မှ တရုတ် စစ်ကားများ ဆက်တိုက် ပို့နေ
by -
ဇော်ကြီး

တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် စစ်ထရပ်ကားများ ယခုရက်ပိုင်းအတွင်း နယ်စပ်ရွှေလီမြို့သို့ ရောက်ရှိ လာပြီး မြန်မာနိုင်ငံဖက်သို့ သယ်ပို့နေသည်ဟု တရုတ် မြန်မာနယ်စပ် ရွှေလီမြို့ခံများကပြောသည်။

ယခုတင်သွင်းလာသည့် ကားများမှာ E-2000ပုံစံ Lotton အမျိုးအစားများဖြစ်ပြီး တစီးလျှင် တရုတ် ယွန်ငွေ ခြောက်သောင်းကျော် တန်ဘိုးရှိကာ လွန်ခဲ့သည့် တစ်ပတ်ခန့်က စတင် တင်ပို့နေခြင်း ဖြစ်သည်ဟု မြို့ခံ မျက်မြင်တဦးက ယခုလိုပြောသည်။

“ဟိုတလောက မြန်မာပြည်ဖက်ကို သွင်းတဲ့ အဲဒီကားတွေကို နမ့်ဖတ်ကာနားမှာ ဆော်လိုက် တယ်လေ။ ပြီးခဲ့တဲ့ သုံးလေးရက်ကပဲ။ အဲဒီနောက်ပိုင်း ခဏ နားထားပြီးတော့ အခုဒီနေ့  ပြန်ပို့နေတာ။ဒီနေ့ မနက်ကို တောက်လျှောက် ပို့နေပြီ။”

စုစုပေါင်း စစ်ကားအစီးရေ လေးရာခန့် တင်ပို့မည်ဟု သိရကြောင်းနှင့် ယခင်အပတ်က အစီး နှစ်ရာကျော် တင်ပို့ခဲ့ပြီး လက်ရှိတွင် အစီး တစ်ရာကျော် ကျန်ရှိနေသည်။ ထို့အပြင် ကားအချို့အား စစ်သုံးမိုးကာများ ဖုံးအုပ်ထားပြီး “အထဲမှာတော့ ကားအပိုပစ္စည်းတွေ ပါမယ်ထင်တယ်။ သုံးထပ်သားပြား သေတ္တာအကြီး ကြီးတွေ ပါတယ်။” ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။

နယ်စပ်ရှိ အခြား ကုန်သည်တဦးကလည်း လွန်ခဲ့သည့် (၅) ရက်ခန့်က တရုတ်နယ်စပ်မှ မန္တလေးဖက်သို့ တင်ပို့လာသည့် စစ်ကား ယာဉ်တန်းအား KIA က တိုက်ခိုက်လိုက်သည့်အတွက် ယခုအခါ နယ်စပ်မြို့များ ဖြစ်သည့် မူဆယ်၊ နမ့်ခမ်း၊ နမ့်ဖတ်ကာနှင့် (၁၀၅) မိုင် အနီးတဝိုက် တွင် အစိုးရတပ်မှ စစ်အင်အားများ တိုးမြင့်ချထားသည်ကို တွေ့ရသည်ဟု ယခုလိုပြောသည်။

“အဲဒီနေ့က ကချင်စစ်သားနဲ့ တိုက်ပွဲဖြစ်တာ ဗမာ စစ်သား ခြောက်ယောက်လောက်ကျတယ်။နောက် တနေ့ဆိုရင် မူဆယ် ခရိုင်ထဲက ဒီ နမ့်အွန် မော်တောင်း၊ အဲဒီမှာ ဖြစ်တာက ရဲတယောက်သေသွား တယ်။ အဲဒီမှာ ဖြစ်ပြီး တစ်ပတ်လောက်ကြာတော့ စစ်တပ်တွေက ထိုးတက်လာတယ်။”

ထို့အပြင် “အခုက (၁၀၅) မိုင်ကျော်သွားရင် ကောင်းဝက်၊ ကောင်းဝက်ကနေ နမ့်ဖတ်ကာအထိ ဆိုရင် ဒီလမ်း တောက်လျှောက်မှာပဲ ကျနော်တို့ ခန့်မှန်းကြည့်တာ (၁၀၀၀) လောက်တော့ ရှိနိုင်တယ်။  အဲဒီနေရာမှာ သူတို့ ချထားတာ များတယ်။” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နမ့်ခမ်းမြို့မှ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့သို့ သွားရာ လမ်းကြောင်း တလျှောက်တွင် မကြာခန ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကာ ယခုလ (၂၈) ရက်နေ့မှ စတင်၍ အစိုးရတပ်ဖွဲ့များ အင်အား ဖြည့်တင်းလာနေသည်။

ယခင် စစ်အစိုးရအုပ်ချုပ်စဉ်ကလည်း တရုတ်နိုင်ငံလုပ် စစ်ကားများကို မြန်မာပြည်သို့ မကြာခန တင်ပို့နေပြီး နယ်စပ်တလျှောက် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင်အသုံးပြုခဲ့ သည်။

Most read this week