မြို့ပေါ် ဒုက္ခသည် (၅၂၇၆) ဦး၏ စားဝတ်နေရေးကို အသင်းတော်များ တာဝန်ယူနေ

မြို့ပေါ် ဒုက္ခသည် (၅၂၇၆) ဦး၏ စားဝတ်နေရေးကို အသင်းတော်များ တာဝန်ယူနေ
by -
ကချင်သတင်းဌာန

ပြည်နယ်အစိုးရက ဒုက္ခသည် ၅၀၀၀ ကျော်အတွက် စားဝတ်နေရေးတာဝန်ယူခြင်း မဟုတ်ဘဲ အသင်း တော်များ ကသာ အဓိက တာဝန်ယူခြင်းဖြစ်သည်ဟု မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရမဟုတ်သော အဖွဲ့အ စည်းများ(NGO) သတင်းရပ်ကွက်က သိရသည်။

Ngan_Sengသြဂုတ်လ (၂၇) ရက် မြစ်ကြီးမြို့တော်ခန်းမတွင် ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်၏ ရှင်းလင်းပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ကျေးလက်ဒေသများမှ လုံခြံုရေးအရ ပြောင်းရွှေ့လာကြ သည့် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့နှင့် အဖွဲ့အစည်းများက စခန်းများဖွင့်လှစ်နေရာချထားမှု၊ စားဝတ်နေရေး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးမှု၊ ကျန်းမာရေးစောင့်ရှောင့်မှုနှင့်ပညာသင်ကြား ခြင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောဆိုသွားသည်ဟု သြဂုတ် (၂၉) ရက်ထုတ် မြန်မာအစိုးရ သတင်းစာတွင်ဖော်ပြထားသည်။

“အစိုးရက သတင်းစာရှင်းလင်းပွဲမှာ (၁၃)ခု ဖွင့်ထားတယ်လို့ပြောတယ်။ တကယ်တမ်းသူတို့ဖွင့် ထားတာ မဟုတ်ဘူး။ အသင်းတော်တွေဖွင့်ထားတာ။ အသင်းတော်တွေဖွင့်ထားတာကို အနှောင့်အယှက် မ ပေးဘူး။ ဒါမဲ့ လိုအပ်တာတွေ လာရောက်ကြည့်ရှု ဖြည့်ဆည်းပေးတာမျိုး လုပ်တယ်ပြည်နယ်အစိုးရ က။”

သြဂုတ်လ တတိယအပတ်နောက််ဆုံးစာရင်းအရ ၀ိုင်းမော်မြို့ပေါ်တွင် အိမ်ထောင်စု (၇၉၁) ခုမှ ဒုက္ခသည် ကျား/မ ပေါင်း (၂၉၈၉) ဦး၊ မြစ်ကြီးနားမြို့ပေါ်တွင် အိမ်ထောင်စု (၅၅၅)ခုမှ ဒုက္ခသည် ကျား/မပေါင်း (၂၂၈၇) ဦး ရောက်ရှိနေပြီဟု မြို့ပေါ် NGO သတင်းရပ်ကွက်နှင့် နီးစပ်သူများက ဆိုသည်။

ဒုက္ခသည်ပေါင်း (၅၂၇၆) ဦးအား ၀ိုင်းမော်မြို့ပေါ်တွင် နေရာ (၁၀) ခု၊ မြစ်ကြီးမြို့ပေါ်တွင် နေရာ (၁၅) ခု တွင် ရပ်ကွက်/ကျေးရွာ ခရစ်ယာန်အသင်းတော်များက ကိုယ်ထူကိုယ်ထပြုလုပ်ပြီး ရပ်ကွက်တွင်း အလှူခံကာ နေ့စဉ် ဒုက္ခသည်များ၏အစားအသောက်အတွက် စီစဉ်ဆောင်ရွက်ပေးကြလျက်ရှိသည်ဟု သိရသည်။

ဒုက္ခသည်များအား INGO အဖွဲ့အစည်းများ အကူအညီ မ ပေးနိုင်သော်လည်း မေတ္တာဖောင်းဒေးရှင်းက ထောက်ပံံ့နေသည်။ ထို့အပြင် ငြိမ်းဖောင်းဒေးရှင်းမှလည်း ဒုက္ခသည်ကလေးသူငယ်များအတွက် စာရေးကိရိယာများထောက်ပံ့နေသည်ဟု သိရသည်။

သို့သော် ပြီးခဲ့သည့် နှစ်ပတ်ကစတင်ကာ ပြည်နယ်ဝန်ကြီးချုပ်၏ တိုက်တွန်းချက်အရ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (World Food Program)မှ ဒုက္ခသည်များအတွက် ဆန်အိတ် (၃၀၀) ဖြန့်ဝေသွားရန်ရှိ သည်ဟု လည်း ၀န်ကြီးချုပ်နှင့်နီးစပ်သူများမှတဆင့် သိရသည်။

ထို့ပြင် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများမှ ဒုက္ခသည်များနေထိုင်ရာ အသင်းတော်များသို့ လာရောက် တွေ့ဆုံမှု ထောက်ပံ့မှုများလည်းရှိသည်။

ဇွန် (၉)ရက်မှ စတင်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ကြောင့် ယခုချိန်တွင် နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် ဒုက္ခသည် (၅၀၀၀) ကျော် မြစ်ကြီးနားနှင့် ၀ုိင်းမော်မြို့ပေါ်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။

Most read this week