MFWG အသေးစား ချေးငွေလုပ်ငန်း ကျယ်ပြန့်စွာ မသိရှိသေး

MFWG အသေးစား ချေးငွေလုပ်ငန်း ကျယ်ပြန့်စွာ မသိရှိသေး
by -
အားမီ

မြန်မာနိုင်ငံ အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်းအဖွဲ့(MFWG)က ဆင်းရဲမှု လျော့နည်း ပပျောက်ရေး အတွက် ငွေထုတ်ချေးသည့်လုပ် ငန်းများ အများပြည်သူကြားတွင် ကျယ်ပြန့်စွာ မသိသေးကြောင်း လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောသည်။

MFWG ကို ၂၀၀၄ ခုနှစ်တွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်(UNDP) က ဦးဆောင်၍ ပြည်တွင်း NGO အဖွဲ့များဖြင့် ဖွဲ့စည်းခဲ့ပြီး ဆင်းရဲနွမ်းပါးသူများနှင့် လုပ်ငန်းအဖွဲ့အစည်းများကို ငွေထုတ်ချေး ခဲ့ရာ ယခုအချိန်အထိ ငွေချေးသူ ငါးသိန်းကျော် ရှိသည်ဟု ယင်းအဖွဲ့တွင် ပါ၀င်သော PACT Myanmar အဖွဲ့မှ အထွေထွေမန်နေဂျာ ဦးမောင်မောင်က ပြောသည်။

ထို့အပြင် PACT Myanmar အဖွဲ့၏ ချေးငွေများကို ဧရာဝတီတိုင်း အပါအဝင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်များရှိ မြို့နယ်ပေါင်း ၂၂ မြို့နယ်တွင်လည်း ထုတ်ချေးပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် ဧရာဝတီတိုင်းအတွင်းရှိ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ပန်းတနော်၊ ဇလွန်၊ လပွတ္တာ၊ ဓနုဖြူနှင့် ညောင်တုန်းမြို့နယ်များတွင် MFWG အဖွဲ့က ငွေများ ထုတ်ချေး နေသည်ဟု ဆိုသော်လည်း ဘိုကလေး မြို့နယ်မှ လယ်သမား တစ်ဦးကမူ “ဦးပိုင်က ချေးငွေထုတ်ပေးတာပဲ သိတယ်။ တခြား အဖွဲ့တွေက ချေးပေး တာတော့ တခါမှ မကြားမိဘူး။ မသိဘူး။” ဟု ပြောသည်။

ဦးပိုင်ဆိုသည်မှာ စစ်တပ်၏ စီးပွားရေးလုပ်ငန်းကြီး ဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် ဖြစ်သည်။ အလားတူ မကွေးတိုင်းမှ လယ်သမားအရေး ဆောင်ရွက်နေသူ တစ်ဦးကလည်း “ဒီမှာကတော့ UNDP ချေးငွေကိစ္စ သတင်းတော့ ကြားတယ်၊ ဘာမှတော့ အကောင်အထည် မဖော်သေးဘူး။” ဟု ပြောသည်။

ယင်းအခြေအနေများကြောင့် အသေးစား ချေးငွေလုပ်ငန်း လူထုအကြား ကျယ်ပြန့်စွာ ရောက်ရှိ နိုင်ရေး အတွက် PACT Myanmar အဖွဲ့က အဓိက ဦးဆောင်၍ လုပ်ငန်း တိုးချဲ့လုပ်ဆောင် သွားမည်ဟုလည်း ဦးမောင်မောင်က ပြောသည်။

ငွေချေးလိုသူသည် “စီမံကိန်းရှိတဲ့နေရာမှာ နေတဲ့သူဖြစ်ရမယ်။ တကယ်အရင်းအနှီး လိုအပ်ပြီး၊စီးပွားရေး လုပ်ငန်း လုပ်လိုသူ၊ ကိုယ်ထူကိုယ်ထ စိတ်ရှိသူဖြစ်ရမယ်။ ငါးဦးအဖွဲ့ဖွဲ့ရတယ်၊ ဝိုင်းကြီးချုပ် သဘောပါပဲ။” ဟုလည်း ဦးမောင်မောင်က ရှင်းပြသည်။

MFWG က ပုံမှန်ချေးငွေအပြင် ပညာရေး၊ ကျန်းမာရေး၊ အသေးစား စီးပွားရေးလုပ်ငန်းနှင့်စိုက်ပျိုးစားရိတ် ချေးငွေ အပါအဝင် အပိုဆောင်းချေးငွေများလည်း ထုတ်ချေးပေးသည်။

ချေးငွေအား ပထမနှစ်တွင် ပုံမှန်ချေးငွေ ကျပ် ရှစ်သောင်းမှ စတုတ္ထနှစ်တွင် နှစ်သိန်း အထိ ထုတ်ချေး ပေးပြီး ချေးငွေအတွက် အပေါင်ပစ္စည်း ပေးရန်မလိုသည့်အပြင် အတိုးနှုန်းမှာလည်း ငွေချေးစားသူများ၏ နှုန်းထားထက် နည်းသည်ဟု ဦးမောင်မောင် က ပြောသည်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမှ လယ်သမားတစ်ဦးကမူ ပြဿနာ အရှုပ်အရှင်း ဖြစ်ပွားမည် စိုး၍ ယင်းချေးငွေ ချပေးသော်လည်း ချေးမည်မဟုတ်ဟု ပြောသည်။

Most read this week