လက်နက်ကြီးဒဏ် မခံနိုင်၍ ရှမ်းရွာသား (၃၀၀)ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်

လက်နက်ကြီးဒဏ် မခံနိုင်၍ ရှမ်းရွာသား (၃၀၀)ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်
by -
ဇော်ကြီး

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ ကျိန်းလိန် ကျေးရွာအုပ်စုရှိ ကျေးရွာနှစ်ရွာအတွင်းသို့ ယမန် နေ့က အစိုးရတပ်မှ   လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ သည့်အတွက် ဒေသခံ ရွာသား (၃၀၀)  ခန့် ဘေးလွတ် ရာသို့ ထွက်ပြေးလာကြသည်ဟု SSA  အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလကပြော သည်။

dsc000691“ရွာသူရွာသားတွေက ထိတ်လန့်ပြီးတော့ အဲဒီကိန်းလွန်းရွာနဲ့ ခိခတ်ရွာမှာမနေရဲတော့ဘဲနဲ့ အိမ်ခြေ  (၃၀)  လောက်နဲ့ လူဦးရေ (၃၀၀)လောက်က ကျနော်တို့ ၀မ့်ဟိုင်းဌာနချုပ်ဖက်ကိုထွက်ပြေးတိမ်းရှောင်လာကြ တယ်ခင်ဗျ။”

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP ဌာနချုပ် ၀မ့်ဟိုင်း အနောက်မြောက်ဖက်တွင် နေရာယူတပ်စွဲထားသည့် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၅၀၄)၊ (၅၀၅)နှင့် ခြေလျင်တပ်ရင်း ခလရ (၂၂) တို့က ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်း အနီးတဝိုက်နှင့် လယ်ကွင်းများသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။

ယင်းတပ်စခန်းများမှာ ကျေးရွာနှင့် တစ်မိုင်ကျော်သာ ဝေးကွာပြီး စုစုပေါင်း (၂၅) လုံးခန့် ပစ်ခတ်ခဲ့သည်။ သို့သော် ဥပုတ်ရက် ဖြစ်၍ စာသင်ကျောင်းများ ပိတ်ထားသည့်အတွက် ကျောင်းသူ၊ ကျောင်းသား တဦးတယောက်မှ ထိခိုက်မှု မရှိကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲစေရန် အစိုးရသစ်က ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့သည့်အပေါ် SSA အနေဖြင့် ဆွေးနွေးရန် အစီအစဉ်များ ရှိသော်လည်း လက်ရှိလုပ်ရပ် များ အပေါ် အခြေခံ၍ အစိုးရသစ်၌ အာဏာ မရှိနိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ယခုလအတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအဝင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း တို့ကလည်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးစကားများ ပြောကြားခဲ့ပြီး ပြည်ထောင်စု အစိုးရ အဖွဲ့၏ တရားဝင် ကမ်းလှမ်းစာကို ယခုလ (၁၈) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တဖက်မှ ငြိမ်းချမ်းရေးစကားကို ပြောဆိုနေပြီး အခြား တဖက်မှ စစ်ရေးအရ တိုက်ခိုက်နေသည့် အပေါ်“အဲဒီကိစ္စတွေကို ကြည့်ရင် သူတို့ ပြောထားတဲ့ အဲဒီသွေးထွက် သံယိုမှု တွေ မလိုလားဘူး။ ပြည်သူလူထု နစ်နာစေမယ့် လုပ်ရပ်မျိုးတွေ သူတို့က မဆောင်ရွက်ဘူးဆိုတာက ပြောတာနဲ့ လုပ်တာက တခြားစီ ဖြစ်နေတယ် ခင်ဗျ။ ဒါကြောင့် သူတို့ ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ဖြစ်လာမယ်လို့ မထင်ဘူးဗျ။” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။

ထို့အပြင် အစိုးရတပ်ဖွဲများ အနေနှင့် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက် ရှိပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် လွန်ခဲ့သည့် ဇူလိုင်လ (၁၈) ရက်နေ့ကရွာသား(၃)ဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“အဲဒီအလောင်းတွေက ခြေလက်တွေမှာ ကြိုးနဲ့ တုတ်ထားပြီး ညဉ်းဆဲ ရိုက်နှက်ပြီး သတ်ထားတဲ့ အနေအထားကို တွေ့ရပါတယ် ခင်ဗျ။ အရပ်သားတွေက ကျနော်တို့ ၀မ့်ဟိုင်းဌာနချုပ်ကို လာသတင်းပို့လို့ ကျနော်တို့လည်း မှတ်တမ်းဓါတ်ပုံတွေ ရိုက်ယူခဲ့တာ ရှိပါတယ်။”

ယင်းလုပ်ရပ်အား ၀မ့်ဟိုင်း ဌာနချုပ်နှင့် (၆) မိုင်အကွာခန့်ရှိ နမ့်မော်ရွာမြောက်ဖက်တွင် တပ်စွဲထား သည့် ခလရ (၂၈၆)နှင့် ခလရ (၆၄) တို့အပြင် ခမရ (၅၁၃) တပ်ရင်းများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီးအလောင်း များအား ယခုလ (၂၅) ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူများမှာ ဦးဆန်လုံ အသက် (၄၈)နှစ်၊ ဦးစံထွန်း အသက် (၄၉)နှစ်၊ ဦးလုံဆွမ်း အသက် (၅၄)နှစ်တို့ ဖြစ်ပြီး တောင်ယာ လုပ်ငန်း လုပ်ကိုင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယခုလ (၂၇) ရက်နေ့ကလည်း ဒေသတွင်း လှုပ်ရှားနေသည့် အစိုးရတပ်ဖွဲ့များနှင့် SSA တို့မိနစ်နှစ်ဆယ် ခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုအား စုံစမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။

အစိုးရ အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေး လိုပါက SSA တပ်ဖွဲ့အခြေစိုက်ရာ ၀မ့်ဟိုင်းဌာနချုပ်အနီးရှိ အစိုးရတပ်ဖွဲ့များအား ရုပ်သိမ်းပေးရန် ယခင်ကတည်းက ပြောဆိုခဲ့ဖူးသည်။ သို့သော် လောလောဆယ် ဒေသတွင်း အစိုးရတပ် အင်အား များ ပိုမိုတိုးမြင့်လာခဲ့ သည်ကို တွေ့ရကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP သည် စစ်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီး နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ခဲ့ရာမှ လွန်ခဲ့သည့် မတ်လလယ်ပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ သည်။

Most read this week