အမျိုးသမီးများ နိုင်ငံရေး လုပ်သင့်

အမျိုးသမီးများ နိုင်ငံရေး လုပ်သင့်
by -
ကချင်သတင်းဌာန

နိုင်ငံရေးလှုပ်ရှားမှုများတွင် အမျိုးသမီးများ ပါဝင် သင့်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အမျိုးသမီး များ အစည်းအရုံးမှ ဥက္ကဋ္ဌ ဖော်ရွယ် ခေါန်ဂျာ ပြောသည်။

KIO_woman_day

“အမျိုးသမီးတွေဆိုတာ လူအင်အားပိုများတဲ့ စာရင်းထဲမှာပါတယ်။ အမျိုးသား၊ နိုင်ငံရေးလမ်းမှာ ကျမတို့ အမျိုးသမီးတွေ ပါကို ပါဝင်ရမယ်။ ဒါကြောင့် ကျမတို့ အမျိုးသမီး အဖွဲ့က အမျိုးသမီးများ နိုင်ငံရေးမှာ ရပ်နိုင်ဖို့  နိုင်ငံရေးမျက်စိ ဖွင့်ပေးတာတို့လည်း လုပ်ပါတယ်။”

၁၉၇၈ ခုနှစ်မှ ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကချင်လွတ်မြောက်ရေး အမျိုးသမီးများအစည်းအရုံး အဖွဲ့ Kachin Independence Women Association (KIWA) သည် သြဂုတ်လ (၁၉)ရက်နေ့တွင် (၃၃)နှစ် ပြည့်ပြီ ဖြစ်သည်။

ကချင်အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးမြင့်တင်ရေး၊ ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည်။ မူလက KIO အဖွဲ့မှ တပ်မတော်တွင်းရှိ ရဲဘော်၊ စစ်သားများ၏ အမျိုးသမီးများ၊ မိသားစုဘဝ တိုးတက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

KIO ထိန်းချုပ်နယ်မြေ အတွင်း အမျိုးသမီးများအတွက် ကချင်ရိုးရာ မပျောက်ပျက်သွားအောင် ယက်ကန်း နည်းပညာ သင်ကြားပေးခြင်း၊ ကလေးငယ်များအတွက် မူကြိုကျောင်းများဖွင့်လှစ်ထားခြင်း၊ ပြည်ပနိုင်ငံသို့ ရောင်းစားခံနေရသည့် ကချင်အမျိုးသမီးများ၏ အမှုများအား လိုက်ပါ ကူညီဆောင်ရွက် ပေးနေသည်။

ဖြတ်သန်းလာခဲ့သည့် ၃၃နှစ်အတွင်း ၎င်းတို့၏ လုပ်ဆောင်ချက်များ အောင်မြင်မှုများရရှိပြီး KIO နှင့်မြန်မာ စစ်တပ်မတော်တို့၏ ပြည်တွင်းစစ်များကြောင့် ဒုက္ခရောက်နေသည့် အမျိုးသမီး၊ ကလေးငယ်များ အားလည်း ကူညီစောင့်ရှောက်နေကြောင်း သိရသည်။

စစ်ပြေး ဒုက္ခသည်များ အားလုံးပေါင်း ၃၀၀၀၀ ကျော်ရှိပြီး တစ်ဝတ်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း KIWA သြဂုတ် (၁၉)ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွေ ဖော်ပြထားသည်။

ကချင်အမျိုးသမီးများနှင့် ကလေးများသည် မြန်မာစစ်အစိုးရ စစ်တပ်မှ KIAတပ်များအပေါ် ကလေ့စားချေ တုံ့ပြန်ရန် လက်နက်တခုအဖြစ် စံနစ်တကျ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခြင်းများကိုခံခဲ့ကြရကြောင်းလည်း ထည့်တွင်းရေးသားထားသည်။

ထို့ကြောင့် မြန်မာအစိုးရအနေနှင့် ကချင်အမျိုးသမီးများနှင့် ကလေးသူငယ်များအား ညှင်းပန်းနှိပ်စက်သတ်ဖြတ် ခြင်းများ မတရားခိုင်းစေခြင်းများ ရပ်တန့်ပေးရန် အစီရင်ခံစာတွင် တောင်းဆိုထားသည်။

ကချင်အမျိုးသမီးများသည် ဖွံ့ဖြိုးတိုးတက်မှု များစွာ နောက်ကျနေသေးသဖြင့် ပြည်သူတွေကို အလုပ်အကျွေး ပြုရာတွင် အမျိုးသမီးများ အနေဖြင့် အချိန်၊ ခွန်အား၊ အစွမ်းသတ္တိနှင့် ဆက်ကပ်သွားရန် လိုအပ်သည်ဟု ဥက္ကဋ္ဌ ဖော်ရွယ်ခေါန်ဂျာမှ ဆိုသည်။

Most read this week