စီပွားရေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် အချိန်နီးကပ်မှ ဖိတ်စာရကြ

စီပွားရေးအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် အချိန်နီးကပ်မှ ဖိတ်စာရကြ
by -
အားမီ

နေပြည်တော်တွင်ကျင်းပမည့် စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီ(၃၇) ပါတီသို့ ဆွေးနွေးပွဲ ကျင်းပရေးဦးစီးကော် မတီက ဖိတ်စာများ ပေးပို့ခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကျင်းပရေးဆိုင်ရာ ဦးစီးကော်မတီက ဖိတ်စာ ပေးပို့ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“ဖိတ်စာက မနေ့ကရပါတယ်။ စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲပါ။ လာမယ့် ၁၉ ရက် ၂၀ ရက် နှစ်ရက် အတွက် ဖိတ်တာပါ။ ဖိတ်စာကတော့ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ပဲ သူ့အိမ်ကို ပို့လာတာပါ။”

သို့သော် ယင်းဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မတက်ရောက်မည်ကိုမူအတည် မပြုနိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။ ယခုအကြိမ်သည် အစိုးရသစ်ကကြီးမှူးကျင်း ပသော အဖွဲ့အစည်းပေါင်းစုံပါ၀င်သည့် ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန်ပထမ ဆုံးအကြိမ် တရားဝင်ဖိတ်ခေါ်ခံရခြင်းဖြစ်သည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန် အခြားနိုင်ငံရေးပါတီများကို ဖိတ်ခေါ်ခဲ့သော်လည်းဖိတ်စာများ ကို အချိန်နီးကပ်မှ ပေးပို့ခဲ့သည့်အတွက် ဆွေးနွေးရမည့်အချက်များနှင့် စပ်လျဉ်း၍ ပြင်ဆင်ချိန်နည်းပါး သွားရသည်ဟု နိုင်ငံရေးပါတီတချို့က ထုတ်ဖော်ပြောသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) ဥက္ကဌ အထက်လွှတ်တော်အမတ် ဒေါက်တာအေးမောင် က “မနေ့ကမှ ဖိတ်စာရတယ်ဆိုတော့ အခြေအနေကို ကြည့်မယ်။ ကျနော်တို့ကတော့ သူတို့ကိုဆွေးနွေး ဖို့ဆိုတာထက် သူတို့ဆွေးနွေးတာတွေကိုကြည့်ပြီး မေးခွန်းလေးတွေပဲ ဖြစ်မယ်ထင်တယ်။ ကြိုတင်ပြင်ဆင် ထားတာလည်းဘာမှမရှိဘူး။” ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) မှလည်း ဆွေးနွေးပွဲဖိတ်စာကို ယမန်နေ့ကမှ ရရှိခဲ့သည်ဟု ပါတီဥက္ကဌ နိုင်ငွေသိန်းကပြောသည်။

“အခုက သူတို့ဘာအကြောင်း ဆွေးနွေးမယ် ဆိုတာလည်း မသိဘူး။ macro (အထွေထွေစီးပွားရေး လုပ်ငန်းဆိုင်ရာ) လို့ပဲ သိတယ်။ အဲ့တော့ တို့ကလည်း ဘာမှ ထွေထွေထူးထူး လုပ်ထားတာ မရှိဘူး။”

ချင်းအမျိုးသားပါတီ(CNP) အနေဖြင့် ယခင်ကတည်းက စီးပွားရေးနှင့် ပတ်သက်သည့် ချမှတ်ထား သော မူဝါဒများရှိသော်လည်း စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးသွားမည့် အကြောင်းအရာများ ကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြောင်း CNP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘခ်ထောင် ကပြောသည်။

အလားတူ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS)မှ ပြည်သူ့ လွှတ်တော် အမတ်နှင့် ဥပဒေမူကြမ်းကော်မတီဝင် ရှေ့နေဒေါ်ဒွဲဘူကလည်း ဆွေးနွေးပွဲ ဖိတ်စာကို ယမန်နေ့ကမှ ရရှိခဲ့ပြီး မည့်သည့်ကိစ္စများကို ဆွေးနွေးမည်ကို မသိသေးကြောင်း ပြောသည်။

ယခု စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ တစ်ပါတီလျှင် ကိုယ်စားလှယ် (၃) ဦးစီ တက်ရောက်ရန် ဖိတ်ကြားထားပြီး အခြား စီးပွားရေး ပညာရှင်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ ဖွံ့ဖြိုးရေး ပညာရှင်များနှင့် အစိုးရ တာဝန်ရှိသူများ စုံညီစွာ တက်ရောက်ကြမည့်နိုင်ငံတော်အဆင့် ဆွေးနွေးပွဲ ဖြစ်သည်။

ယင်း စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ(၁၉) ရက်နေ့မှ (၂၁)ရက်နေ့ထိ သုံးရက်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။

Most read this week