ဧရာဝတီမြစ်ရေကာတာ စီမံကိန်းများ ရပ်တန့်ရေး သမ္မတထံ မေတ္တာရပ်ခံသည့် လှုပ်ရှားမှု စတင်

ဧရာဝတီမြစ်ရေကာတာ စီမံကိန်းများ ရပ်တန့်ရေး သမ္မတထံ မေတ္တာရပ်ခံသည့် လှုပ်ရှားမှု စတင်
by -
အားမီ

ဧရာဝတီမြစ်ကြောင်းပေါ်တင် တည်ဆောက်မည့် ရေကာတာ(၈) ခု စီမံကိန်း ရပ်တန့်ပေးရေးမေတ္တာ ရပ်ခံစာကို သမ္မတဦးသိန်းစိန်ထံ သြဂုတ်လ (၁၈) ရက်နေ့တွင် စတင်ပေးပို့ သွားမည် ဟုဧရာဝတီ မြစ် ထာဝရရှင်သန်ရေး လှုပ်ရှားမှု အဖွဲ့ကပြော သည်။

နိုင်ငံတော် သမ္မတထံ ပေးပို့မည့် မေတ္တာရပ်ခံစာတွင် မြစ်ကြောင်းထိန်းသိမ်းရေး အားနည်းမှု ကြောင့် မြစ်ကြောင်းပျက်စီးမှု၊ ကချင်ဒေသတွင်းရှိ ဒေသခံများ ကြံုတွေ့နေရသည့် အတင်းအဓမ္မ နေရပ် ပြောင်းရွှေ့ခံရမှု စသည့် အခြေအနေများကို ဖော်ပြပြီး ထိုအကြောင်းများကြောင့် ဧရာဝတီမြစ်ကြောင်း ပေါ်တွင် ရေကာတာ(၈)ခု တည်ဆောက်ရေးစီမံကိန်းကို ရပ်တန့်ပေးစေ လိုကြောင်း ဖော်ပြထားသည်။
irrawaqddy
အဆိုပါ ဧရာဝတီမြစ် ထာဝရရှင်သန်ရေး လှုပ်ရှားမှုကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအဝင် အခြားတက်ကြွလူငယ်များ ဦးဆောင်ပါဝင်ကြမည် ဖြစ်သည်။

ဧရာဝတီမြစ် ထာဝရရှင်သန်နိုင်ရေးအတွက် ဝိုင်းဝန်း ပါ၀င် ဆောင်ရွက်ကြသည့်အနေနှင့် သမ္မတထံ မေတ္တာရပ်ခံစာတွင် ပြည်သူများကိုယ်တိုင် ပါ၀င် လက်မှတ်ရေးထိုးကြသည့် လှုပ်ရှားမှုတခုကိုလည်း ရန်ကုန်မြို့မှာ စတင်လှုပ်ရှား နေသည်ဟု စည်းရှုံးလှုံ့ဆော်မှုကို ဦးဆောင်သူတဦးဖြစ်သည့် ကိုမြတ်သူ ပြောသည်။

“အင်္ဂါနေ့ကစပြီး ရန်ကုန်မှာရှိတဲ့ မြို့နယ်တိုင်းမှာ အဖွဲ့ဝင်တွေက ပြည်သူတွေကို လက်မှတ် လိုက်ထိုး ခိုင်းတယ်။ အနယ်နယ်အရပ်ရပ်က ရလာတဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေကို စုပြီး ပို့သွားမှာပါ။”

ထိုလှုပ်ရှားမှုကို တစ်လတိတိပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများထံမှ ကောက်ခံရရှိသည့် လက်မှတ်များကို တပတ်တစ်ကြိမ် သမ္မတဦးသိန်းစိန်ထံ ပို့သွားမည် ဖြစ်သည်။

ထို့အပြင် မနက်ဖြန်မှစတင်ပြီး မြန်မာပြည်အနှံ့ နယ်မြို့များရှိ လူငယ်အဖွဲ့အစည်းများ အပါအဝင်တခြား အဖွဲ့အစည်း ကွန်ယက်များမှ တဆင့် သမ္မတထံ မေတ္တာရပ် ခံစာအား သဘောတူညီ ကြောင်းပြည်သူများ ထံမှ လက်မှတ်များကို လိုက်လံ ကောက်ခံသွားမည်ဟု သိရသည်။

ဤလှုပ်ရှားမှုသည် အစိုးရဆန့်ကျင်ရေးလူပ်ရှားမှုမဟုတ်ဘဲ ဧရာဝတီမြစ်ထာဝရရှင်သန်လိုသူ လူထု လူတန်းစားပေါင်းစုံပါဝင်ပြီး နိုင်ငံတော်ကသိအောင် တင်ပြသွားမည်ဖြစ်ကြောင်း ကိုမြတ်သူ က ပြောသည်။

“သမ္မတဦးသိန်းစိန်ဆီပို့မယ့် စာတွေကို ပြတယ်။ ဧရာဝတီမြစ်ကို ရှင်သန်စေချင်ရင် ဒီမှာ လက်မှတ် ထိုးပါဆိုပြီး ပြည်သူတွေကို ထိုးခိုင်းပါတယ်။ တရားဥပဒေနဲ့ ညှိစွန်းမှုမရှိအောင် လုပ်ထားပါတယ် ဆိုတာကို ရှင်းပြပါတယ်။ အားလုံးကလည်း တော်တော်လေးကို အားတက်သရောပါဝင်တယ်။”

စည်းရုံးရေးစတင်သည့်နေ့မှ ယနေ့တိုင် အစိုးရအာဏာပိုင်များ၏ နှောင့်ယှက်မှုတစုံတရာမရှိသလိုပြည်သူလူ ထုကလည်း စိတ်ဝင်စားကြသည်ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်ထံ ပေးပို့မည့် မေတ္တာရပ်ခံစာကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုလည်း ယမန်နေ့က ပေးပို့ဖြန့်ဝေထားပြီးဖြစ်သည်။

အလားတူ အင်္ဂလန်၊ စင်ကာပူ၊ ဂျပန်၊ ထိုင်းနိုင်ငံရောက် မြန်မာများအပြင် အခြားပြည်ပရောက် မြန်မာများ၊ အဖွဲ့အစည်းများ၊ နိုင်ငံခြားရှိ မြစ်ကြောင်းများ ထိန်းသိမ်းရေး အဖွဲ့များသို့လည်း ဧရာဝတီမြစ် အပေါ် ထားသည့် ပြည်သူများ၏ သဘောထားများကို သိရှိစေရန် ကောက်ခံရရှိသည့် လက်မှတ်များကိုပေးပို့ သွားမည်ဟု သိရသည်။

Most read this week