ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့ ပဲခူး ရေဘေးဒုက္ခသည်များအား ကူညီမည်

ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့ ပဲခူး ရေဘေးဒုက္ခသည်များအား ကူညီမည်
by -
အားမီ

မန္တလေးမြို့ရှိဘာသာပေါင်းစုံဖြင့်ဖွဲ့စည်းထား သည့် ကရုဏာရှင်များအဖွဲ့က ပဲခူးတိုင်းအတွင်း ရေဘေး ဒုက္ခသည်များကိုသွားရောက်ကူညီမည် ဖြစ်သည်။

ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ နှင့် အစ္စလာမ်ဘာသာဝင်တို့ဖြင့် ဦးဆောင်ဖွဲ့စည်း ထားသော ယင်းအဖွဲ့သည် ယနေ့ နေ့လည် (၁၂) နာရီ အချိန်ခန့်တွင် မန္တလေးမြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီးခရီးစဉ် အား ဗုဒ္ဓဘာသာအဖွဲ့အစည်းမှ ဆရာတော် ဦးစိန္ဒိတ၊ ဆရာတော် ဦးသုဇန၊ မန္တလေး ခရစ်ယာန် မက်သဒစ် ဂိုဏ်းချုပ် ဆရာတော် ဦးဇော်ဝင်းအောင်တို့က ဦးဆောင်သွားမည်ဟု ကရုဏာရှင်များအဖွဲ့ဥက္ကဌကပြော သည်။

“လတ်တလော ရေဘေးဒုက္ခနဲ့ တော်တော်လေး အခြေအနေမကောင်းတဲ့ နေရာကိုရွေးတော့ ပဲခူးပေါ့။ အဓိကတော့ ကယ်ဆယ်ရေး အလိုအပ်ဆုံး နေရာပေါ့” နောက်ပိုင်းတွင် အခြားဒေသများသို့ လည်း ဆက်လက်ကူညီသွားမည်ဟု ဆိုသည်။ ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည်များအား သွားရောက် ကူညီရန် မန္တလေးမြို့ရှိ   စေတနာအလှူရှင်များထံမှ လှူဒါန်းငွေ သိန်း (၁၃၀) ကို လောလောဆယ် ရရှိထားကြောင်း သိရသည်။

“အဓိကတော့ ငွေကိုပဲ သယ်သွားမယ်။ ဟို (ပဲခူး) ရောက်မှ သူတို့ ဘာလိုအပ်လဲဆိုတာကို ကြည့်ပြီး ဆန် ဆိုလည်း ဆန်၊ စဉ်းစားထားတာက တစ်အိမ်ကို ငွေ ဘယ်လောက်ဆိုပြီး ကူညီတာက သူတို့အတွက် ပိုအဆင်ပြေနိုင်တယ်။” ဟု အဖွဲ့ဥက္ကဌ ဦးအောင်ဇော်ဝင်းက ပြောသည်။

ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင်တွင် ရေဘေးကြောင့် နစ်မြုပ်နေသော အိမ်ခြေ ၃၃၀၀ ရှိကာ ဒုက္ခသည် ၁,၅၀၀၀ ခန့်ကို သွားရောက် ကူညီကြမည် ဖြစ်သည်။   လောလောဆယ် ရေဘေး ဒုက္ခသည်များ သောက်သုံးရေပြတ်လပ်နေပြီး အစားအစာနှင့် ဆေးဝါး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ကရုဏာရှင်များအဖွဲ့တွင် ဘာသာပေါင်းစုံမှ အကြီးအကဲများ ယခုလို ဦးဆောင်ဦးရွက်ပြုပြီး ပါဝင်လာမှု ကြောင့် ကူညီပံ့ပိုးမှုများ ပိုမိုထိရောက်လာသည်ဟု မန္တလေးဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ခရစ်ယာန်လူငယ်များ ကလျာဏယုဝအသင်း YMCA မှ အထွေထွေအတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။

“အရင်တုန်းကတော့ သူ့ဘာသာ သူ့အဖွဲ့အစည်းနဲ့သူဆိုတော့ ကူညီရတာလည်း သိပ်မထိ ရောက်ဘူး။ အခုဘာသာစုံက ပေါင်းပြီး ကယ်ဆယ်ရေးတွေ ကူညီရေးတွေလုပ်တော့ ဘယ်ဘာသာရယ်လို့ မဟုတ်ပဲနဲ့ ဒုက္ခရောက်တဲ့နေရာကို အများကြီးပ့ံပိုးလာနိုင်တယ်လေ။”

ယင်းအဖွဲ့သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က မြစ်ဝကျွန်းပေါ်ဒေသမှလေဘေးဒုက္ခသည်များ ကို သွားရောက်ကူညီမှုဖြင့် စတင်ခဲ့ပြီးနောက်၂၀၁၀ ခုနှစ် မန္တလေး မြို့သစ်ရေဘေး၊ဂီရိမုန်တိုင်းလေဘေး နှင့် တာလေငလျင်ဘေးသင့်ရာ ဒေသများသို့လည်း သွားရောက် ကူညီခဲ့ဖူးသည်။

Most read this week