ရှမ်းနှင့် ကချင်ခေါင်းဆောင်များ ငြိမ်းချမ်းရေးအတွက်တောင်းဆို

ရှမ်းနှင့် ကချင်ခေါင်းဆောင်များ ငြိမ်းချမ်းရေးအတွက်တောင်းဆို
by -
ဇော်ကြီး

အစိုးရတပ်ဖွဲ့များနှင့် ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်း၍ ငြိမ်းချမ်းရေး တည်ဆောက်ကြရန် ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုကိုယ်စားလှယ်များ က နှစ်ဖက် ခေါင်းဆောင်များထံစာရေးသားပေး ပို့ခဲ့သည်။

ယင်းစာအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ၍ ဇူလိုင်လ (၂၄) ရက်နေ့က ပေးပို့ခဲ့ခြင်း ဖြစ်ပြီး တချိန် တည်းတွင် KIO အဖွဲ့ထံသို့လည်း ပေးပို့ခဲ့သည်။

၁၉၉၄ခုနှစ်က နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့သည့်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခဲ့ပြီး ယခုအခါ တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည့်အတွက် ပြည်သူ တရပ်လုံး၏ အကျိုးစီးပွားကို ရှေ့ရှု၍ ယခုလိုတင်ပြရခြင်း ဖြစ်သည်ဟု ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အတိုင်းအတာအရ တင်ပြတာပါ။ ဆိုးဆိုးဝါးဝါး ဘာညာ ဖြစ်တာတော့ ကျနော်တို့က မသိပါဘူး။ အရင်တုန်းကလည်း ကျနော်တို့က ငြိမ်းချမ်းရေး ရခဲ့တာပဲလေ။ အဲဒီတော့ ငြိမ်းချမ်းရေး ရရင်ကောင်းမယ် ဆိုပြီးတော့ တင်ပြတဲ့ သဘောပါဘဲ။”

ယခု တင်ပြချက်နှင့် ပတ်သက်၍ “ဘယ်လောက် လုပ်ပေးနိုင်တယ်ဆိုတာကတော့ တဖက်ကပဲ ကြည့်မှာပေ့ါ။ မျော်လင့်ချက်အနေနဲ့ကတော့ လုပ်ပေးနိုင်မယ်လို့ ယုံကြည်လို့ ကျနော်တို့ တင်ပြတာပါ။” ဟု ဆက်လက်ပြောဆိုသည်။

အလားတူ ဇူလိုင်လ (၂၈) ရက်နေ့က ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ကော်မတီမှ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ၍ ပြည်တွင်း ငြိမ်းချမ်းရေး ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး ကချင်ပြည်နယ် အတွက်သာမက တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ပြေငြိမ်းစေရန် ရည်ရွယ်၍ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့၏ ဒု-ဥက္ကဌ ဦးဒိန်ရအဖုန်က ယခုလိုပြောသည်။

“ကျနော်တို့ပြည်နယ်မှာ မငြိမ်မသက်တွေ ဖြစ်နေတယ်။ နောက် ဗမာပြည်တခုလုံးပေ့ါဗျာ။တခြားပြည်နယ်တွေမှာ လည်း တိုက်ပွဲတွေဖြစ်နေတယ်။ ပြည်သူလူထုတွေလည်း ရှောင်တိမ်းနေရတယ်။ ဒုက္ခရောက်ကြရတယ်။ အဲတာကြောင့်မို့ ဒီစစ်ကို ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးဖို့အတွက် ကျနော်တို့က နိုင်ငံတော် သမ္မထံစာရေးတင် ရခြင်း ဖြစ်ပါတယ်။”

ယခုလိုတင်ပြရခြင်းနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်မှ ငြိမ်းချမ်းရေးအတွက် ဆောင်ကြဉ်း ပေးနိုင်မည်ဟု မျော်လင့်ကြောင်း “ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စေချင်ပါတယ်ဆိုတဲ့ ဆန္ဒလေးတော့ နိုင်ငံတော် သမ္မတဆီမှာ တင်ပြလိုပါတယ်။ တင်ပြခြင်းအားဖြင့် နိုင်ငံတော် သမ္မတ အနေနဲ့လည်း သူစိတ်ဝင်စားမှု ရှိပြီးတော့မှ သူ့အတွက်လည်း တဖက်တလှမ်းက ကောင်းစေ၊ ကျနော်တို့လည်း ငြိမ်းချမ်းရေးအတွက် တဖက်တလှမ်းက ပါ၀င်တာမျိုး ဖြစ်မှာပဲဆိုပြီး အဲလို စာရေး တင်ပြရတာပါ။” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ မြန်မာပြည်တွင်း လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကိုဆောင် ရွက်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် စာရေးဆရာကြီး ဒဂုန်တာရာတို့အပြင် လွှတ်တော်ကိုယ်စားလှယ်များ ကလည်း ကမ်းလှမ်း တိုက်တွန်းထားသည်။

ကချင်ပြည်နယ်အတွင်း ကချင် မျိုးနွယ်စုများဖြစ်သည့် ဂျိန်းဖော၊ ရဝမ်၊ လီဆူ၊ လချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါး လူမျိုးများနှင့် ရှမ်းမျိုးနွယ်စုများဖြစ်သည့် တိုင်းလိုင်၊ တိုင်းဆာ၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းခမ်းတီး၊ ဗမာနှင့် အခြား တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ကြသည်။

Most read this week