ပဲခူး နှင့် ကရင်တွင် ရေကြီးမှုကြောင့် လယ်မြေ ဧကထောင်ချီပျက်စီး

ပဲခူး နှင့် ကရင်တွင် ရေကြီးမှုကြောင့် လယ်မြေ ဧကထောင်ချီပျက်စီး
by -
အားမီ

ပဲခူးတိုင်းနှင့် ကရင်ပြည်အတွင်း ဇူလိုင်လ နောက် ဆုံး အပတ်မှ စတင် မိုးပြင်းထန် ခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် ရေကြီး ရေလျှံမှုများကြောင့် စပါးစိုက် ဧက ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးလျက် ရှိသည်ဟု ဒေသခံများကပြောသည်။

ပဲခူးမြစ်ရေလျံှတက်မှုကြောင့် ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ခန့်တွင်စပါးစိုက်ပျိုးထား သည့် လယ်ဧကပေါင်း နှစ်ထောင်ကျော် ပျက်စီးဆုံးရှုံး ခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“အခုလယ်တွေက ပျက်တာနှစ်ခေါက်ပေါ့၊ အရင်လတုန်းက ရေကြီးတုန်းကမျိုးတွေ တခါ ပုပ်ကုန်တာရှိတယ်၊ ဒီတခါက နောက်ထပ်   ပြန်စိုက်ထားတာတွေ ပြန်ပုပ်ကုန်တာ။ ဝယ်ပြီး ထပ်စိုက်တာတွေလည်း အကုန်ရေထဲမှာ တပတ်ကျော်ဆိုတော့။ မခံနိုင်ပဲ ပုပ်ကုန်ရော။”

မြစ်ရေလျော့ကျသွားသည်မှာ ယခုအခါ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း မိုးဆက်လက် ရွာသွန်း နေသဖြင့်  လယ်ကွင်းများ၌ ရေများ ကျန်ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

ကဝမြို့နယ်အတွင်းမှ လယ်သမားအများစုမှာ မျိုးစပါးပင်များ ပုပ်ကုန်သဖြင့် အခက်ကြံု နေကြရပြီး နောက်ထပ် မျိုးစပါးအတွက်   ငွေကြေးလည်းမတတ်နိုင်တော့သဖြင့် ပဲတီစိမ်း စိုက်ပျိုးရာသီ ကိုစောင့်၍ စပါးအစားပဲတီစိမ်း ကိုစိုက်ပျိုးရန် ပြင်ဆင်နေကြကြောင်း ဒေသခံများထံမှသိရသည်။

ပဲခူးတိုင်းကဲ့သို့ပင် ကရင်ပြည်နယ် ဘားအံမြို့တွင်လည်း ဇူလိုင် နောက်ဆုံးပတ်မှ စပြီး စံချိန်တင် ရွာသွန်းခဲ့သည့် မိုးကြောင့်မြို့နယ် အတွင်းရှိ ရပ်ကွက် (၈) ရပ်ကွက်တွင် ရေလျှံခဲ့သည်။

မိုးဆက်တိုက် ရွာသွန်းခဲ့သည့်နောက် ဘားအံမြို့နယ်မှ ဧကထောင်နှင့်ချီသည့် လယ်မြေများလည်းရေနစ် မြုပ်ခဲ့ကာ  ပျိုးပင်များ ပျက်စီးခဲ့ရသည်ဟု ဘားအံမြို့၊ အမှတ်(၂) ရပ်ကွက်မှ ဒေသခံ တစ်ဦး က ပြောသည်။

“လယ်တွေကလည်း ရေထဲမှာပဲ၊ ပျိုးပင်တွေ တချို့ကပုပ်ကုန်ပြီ၊ ပျိုးပင်က ၅ ရက်လောက်မြှုပ်ပြီး ပြန်ပေါ်လာရင် ရှင်နိုင်သေးတယ်။ တစ်ပတ်လောက်ဆိုရင်တော့ မရတော့ဘူး အကုန်သေတယ်။ အခုချိန််ထိ ရေကလယ် တွေထဲမှာ ဆိုတော့၊ မိုးကလည်း ဆက်တိုက်ရွာတုန်း စပါးပင်တွေကတော့ ပုပ်မှာပဲ။”

ယမန်နေ့က သံလွင်မြစ်ရေသည် ၄င်း၏ စိုးရိမ်ရေမှတ် ရ၅၀ စင်တီမီတာကို ကျော်လွန်လျက် ၈၂၅ သို့ ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒဌာန၏ နေ့စဉ်မြစ်ရေ ခန့်မှန်းချက်တွင် ဖေါ်ပြထားသည်။

သြဂုတ်လ ၄ ရက်နေ့က ဘားအံမြို့ရှိ သံလွင်မြစ်ရေသည် ၉၃၅ စင်တီမီတာထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၄၆ နှစ်အတွင်း ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့သည်ဟု အစိုးရထုတ်သတင်းစာ၌ ဖော်ပြသည်။

ယခုလ (၆)ရက်နေ့တွင် ဘားအံမြို့အတွင်းရှိ ရပ်ကွက်(၈) ရပ်ကွက်မှ ရေဘေးဒုက္ခသည် စခန်းအသီးသီးရှိ ဒုက္ခသည်များအား ဒု-သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး လာရောက်ကြည့်ရှု ခဲ့ပြီး ဆန်၊ အသင့်စား ခေါက်ဆွဲ ခြောက်ထုပ်များ၊ ဆေးဝါးနှင့် ဖယောင်းတိုင်များလာရောက် ပေးဝေခဲ့ကြောင်း အမှတ်(၄) ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

သို့သော်လည်း ပဲခူးတိုင်း၊ ကဝမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ၊ မျိုးစပါးများနှင့် ကျေးရွာများ ၏  လိုအပ်ချက်များကိုမူ သက်ဆိုင်ရာက တစုံတရာ ကူညီပေးမှု မရှိသေးကြောင်း ကဝမြို့နယ် ဒေသခံက ပြောသည်။

Most read this week