မိုင်းလားနယ်မြေ ကျေးရွာ ရ ရွာအတွင်း မြန်မာစစ်တပ်တိုးချဲ့နေရာယူ

မိုင်းလားနယ်မြေ ကျေးရွာ ရ ရွာအတွင်း မြန်မာစစ်တပ်တိုးချဲ့နေရာယူ
by -
သျှမ်းသံတော်ဆင့်

အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်-သျှမ်းပြည် အရှေ့ပိုင်း NDAA-ESS ခေါ် မိုင်းလား တပ်ဖွဲ့ ထိန်း ချုပ် နယ်မြေ ရှိကျေးရွာ ရ ရွာအား မြန်မာအစိုးရ စစ်တပ်ထပ်မံ နယ်ကျွံကာ အခြေချ နေထိုင်လာ ကြောင်း စုံစမ်းသိရှိရပါသည်။

“ငြိမ်းချမ်းရေးအသွင် အမှန်တကယ်ဖေါ်ဆောင်ချင်တယ်ဆိုရင်၊ အခုလိုမျိုးမလုပ်သင့်ဘူး၊ ကျနော်တို့ ထိန်းချုပ် နယ်မြေရဲ့ နယ်ခြားတလျှောက်က ကျေးရွာ ရ ရွာ လောက်ကို ထိန်းချုပ်နိုင်အောင် သူတို့တပ်စခန်း လာချတယ်” - ဟု အမည်မဖေါ်လိုသည့်အရာရှိတဦးက ပြောပါသည်။

mongla-map

ဩဂတ်စ် ၆ ရက်နေ့ မိုင်းခတ် အခြေစိုက် မြန်မာစစ်တပ် ခလရ ၂၇၉ လက်အောက်ခံ အင်အား ၅၀ ကျော်က မိုင်းလွေကျေးရွာအုပ်စုအတွင်း ငွေဖြူ၊ ကြေးနီ၊ ခဲ စသည့်သတ္တုများထွက်ရှိသည့် အကြောင်းပြချက်ဖြင့် သတ္တု လုပ်ငန်းလုပ်ကိုင်ရန် အဆိုပါဒေသ အတွင်းမြန်မာတပ်များရောက်ရှိလာခြင်းဖြစ်သည်ဟုဆို၏။

“ကျနော်တို့က ငြိမ်းချမ်းရေးလိုချင်တယ်။ ငြိမ်းချမ်းရေးတို့ တည်ငြိမ်ရေးလို့ အမြဲပြောနေတဲ့ မြန်မာအစိုးရက ငြိမ်းချမ်းရေး တကယ်လိုချင်ရဲ့လား။ အခုလုပ်ရပ်က ငြိမ်းချမ်းရေးအသွင်မဆောင်ဘူး၊ ကျနော်တို့ တောင် ဘက်ပိုင်းက နယ်မြေ (တပ်စခန်းအချို့) တချို့လဲ ဒီတိုင်းဘဲ အင်အားသုံးခြိမ်းခြောက်ပြီး သိမ်းပိုက်ထား၊ ဒီတ ခါတော့ ကျနော်တို့ငြိမ်နေမှာမဟုတ်ဘူး။” - ဟု အမည်မဖေါ်လိုသူ အရာရှိတဦးက ပြောပါသည်။

မြန်မာစစ်တပ် နယ်မြေထိုးချဲ့ အခြေချမှုကြောင့် ဝ တပ်ဖွဲ့ မိုင်းလားပူးပေါင်းတပ်ဖွဲ့တို့လဲ အဆိုပါ မိုင်းလွေ (မိုင်းခတ်မြို့အရှေ့ဘက်၊ မိုင်းယန်းမြို့တောင်ဘက် ၃ မိုင်ခန့် မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၃၆၉ ထိန်းချုပ်) ဒေသအတွင်း အင်အားတိုးဖြည့်ကာ အခြေအနေစောင့်ကြည့်လေ့လာနေသည်ဟု နှစ်ဘက်အာဏာပိုင်အသိုင်း အဝိုင်းမှ ကြားသိရပါသည်။

မြန်မာစစ်တပ်တိုးချဲ့နေရာယူထားသည့် မိုင်းလွေအုပ်စုဝင်ကျေးရွာ ရ ရွာမှာ ဝမ့်ဟွေ့မူး၊ ဟွေ့ပုန်း၊ မတ်လော (တ်)ကောဝ်၊ မတ်လော(တ်)မိုင် ၊ မာနိုင်းရွာ၊ မွေနောင်း ရွာ နှင့် ဝမ့်ကေး ရွာတို့ဖြစ်သည်ဟု ဆိုသည်။

အပစ်ရပ်မိုင်းလားတပ်ဖွဲ့၏တောင်ဘက်ပိုင်းနယ်မြေဖြစ်သည့် မိုင်းယောင်းမြို့နယ် မဲခေါင်မြစ်အနောက်ခြမ်း ရှိ ဝမ့်ခိုးတပ်စခန်း၊ ပုံဟက်တပ်စခန်း နှင့် မိုင်းဖှန်(မိုင်းလားတပ်ဖွဲ့၏ တောင်ဘက်ထွက်ပေါက်ခံတခု) စခန်း အနီးရှိ တပ်စခန်းငယ်အချို့အား ဧပြီလနှောင်းပိုင်းက မြန်မာစစ်တပ်အင်အားသုံးဝန်းရံခြိမ်းခြောက်မှု ကြောင့်၊ မိုင်းလားဘက်တပ်ဆုတ်ပေးလိုက်ရသည်ဟုပြောပါသည်။

Most read this week