အစိုးရကျောင်းတွင် KIO အထက်တန်းကျောင်းသားများ သီးသန့် စာသင်ပေးခြင်း ရပ်

အစိုးရကျောင်းတွင် KIO အထက်တန်းကျောင်းသားများ သီးသန့် စာသင်ပေးခြင်း ရပ်
by -
ကချင်သတင်းဌာန

၁၉၉၄ နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းရေးစတင် ချိန်မှစပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ၁၀တန်း ကျောင်းသူကျောင်းသား များ အား မြန်မာအစိုးရအထက်တန်းကျောင်းနှင့် တွဲလျက် သီးသန့် ပညာသင်ကြားပေးသည့် အစီအစဉ်ကို ယခု ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အထက်တန်းကျောင်းတွင် KIO ၁၀ တန်းကျောင်းသားများအား သင်ကြားပေးနေသည့် သီးသန့် စာသင်ခန်းနှင့် KIO ဘော်ဒါဆောင်အား ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

Ngumla_MLLHTJ_jawng_num-1994

“နိုင်ငံရေး မတည်ငြိမ်တော့ KIO ဘော်ဒါနဲ့ သီးသန့်အခန်း မထားပေးတော့ဘူး။ ဒါမယ့် ကျောင်းအုပ်က ကချင်ဆရာဆိုတော့ ကျမတို့ကို သနားတာပေ့ါ။ တခြားစာသင်ခန်းမှာ ကြားညှပ်တော့ ပေးထားမယ် ပြောတယ်။” ဟု KIO တပ်မဟာ(၃)ရှိ မိုင်ဂျာယန် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်လုဂျာမှ ပြောသည်။

KIO နှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေးယူပြီး (၁၆)နှစ်ကြာ ကာလအတွင်း KIO ၁၀ တန်းကျောင်းသားများ အား မြစ်ကြီးနားမြို့ အမှတ်(၁) အထက်တန်းကျောင်းတွင် သီးသန့် စာသင်ခန်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် ပညာသင်ခွင့်ပေးခဲ့သည်။

နှစ်စဉ်နှစ်တိုင်း သြဂုတ်လဆန်းတွင် KIO ၁၀ တန်း ကျောင်းသားများ မြစ်ကြီးနားမြို့၌ ကျောင်းတက်ရန် ရောက်ရှိလေ့ရှိသည်။

“ဒီနှစ်က ၁၀ တန်းတွေကို စောစောလွတ်မယ်ပေ့ါ။ ခါတိုင်းက နောက်ကျတယ်လေ။ ဇွန်လ ကနေ မြစ်ကြီး နားမှာ ကျောင်းတက်ဖို့ ကျောင်းအုပ်ဆရာနဲ့ ပြောပြီးသား။ အဲ့တာ စစ်ဖြစ်လာတော့ မသွားနိုင်တော့ဘူး။” ဟု လိုင်ဇာမြို့ အထက်တန်းပြ ဆရာမ လဆန်ထုခေါင်မှ ဆိုသည်။

KIO ပညာရေးဌာနတွင် တပ်မဟာ (၁)ရှိ အင်ဂွမ်လ အထက်တန်းကျောင်း၊ တပ်မဟာ (၃)ရှိ မိုင်ဂျာယန် အထက်တန်းကျောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ(၄)ရှိ လွယ်ကန် အထက်တန်းကျောင်းနှင့် တပ်မဟာ (၅)ရှိ လိုင်ဇာ အထက်တန်းကျောင်းဟု စုစုပေါင်း ၄ ကျောင်းရှိသည်။

KIO ၁၀ တန်းကျောင်းသားများကို ၉ တန်းစာ ထပ်မံဖြေဆိုစေကာ အောင်မြင်သူများကိုသာ မြန်မာအစိုးရ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် ဆက်လက်သင်ကြားခွင့်ပြုသည်။

ယခုနှစ်တွင် မြစ်ကြီးနားမြို့ အမှတ်(၁)အထက်တန်းကျောင်းတွင် တက်ရောက်မည့် KIO ကျောင်းသား ဦးရေမှာ ၅၀ ကျော် ရှိသည်။

“ကိုယ့်အမျိုးသားဆိုတော့ ကိုယ့်ကျောင်းမှာတက်ပြီး ဖြေ။ ကိုယ့် ပညာရေးကိုတိုးတက်အောင် လုပ်သွားမယ်။ မြန်မာပြည်က ဘွဲ့ မရလည်း ဘာမှမဖြစ်ဘူး။ KIO လက်အောက်က ကျောင်းနှင့် ပြည်ပနိုင်ငံက ကျောင်း ဆက်တက်လို့ရတယ်။ ငြိမ်းချမ်းရေး မယူရင်တော့ သင်ရိုးညွန်းတန်းတွေလည်း တဖြည်းဖြည်းပြောင်းလာဖို့ လည်း ရှိလာနိုင်တယ်။” ဟု KIO ပညာရေးမှူး ဆလန်ကဘား ဆွတ်လွတ်ဂမ်မှ ပြောသည်။

မြန်မာအစိုးရ ကျောင်းတွင် KIO စာသင်ခန်းဟု သီးသန့် မထားသော်လည်း အခြားစာသင်ခန်းများတွင်ဝင် ရောက် သင်ကြားခွင့်ပြုထားသည်။ သို့သော် မြစ်ကြီးနားမြို့ပေါ်တွင် အိမ်မရှိ၊ ငွေမရှိသဖြင့်ကျောင်းသွားတက် ရန် အခက်အခဲများရှိနေသည်။

“ဘော်ဒါ ထားခွင့်မပြုတော့ ဘယ်မှာသွားနေမလဲ။ တခြားအဆောင်ဘော်ဒါတွေက ၁၄ သိန်း၊ သိန်း ၂၀ လေ။ KIO က ဘော်ဒါက ၄ သိန်းကျော်ပဲ။ ဒါတောင် ကလေးတွေ မတက်နိုင်ကြဘူး။” ဟု မိုင်ဂျာယန်ကျောင်းအုပ် ဆရာမ ဒေါ်လုဂျာမှ ပြောသည်။

ငွေကြေးတတ်နိုင်သည့် ကျောင်းသားများကမူ မန္တလေး၊ ရန်ကုန် အစရှိသည့် ကျောင်းများသို့သွားရောက် ပညာသင်ယူကြသည်။

“ပိုက်ဆံရှိ၊ ချမ်းသာတဲ့ မိသားစုက ကျောင်းသားတွေက မြို့ပေါ်မှာ ကျောင်းသွားတက်ကြပြီ။ ဒီမှာကျန်နေတာ ကတော့ ငွေ အဆင်မပြေတဲ့ ကလေးတွေပဲ။ ခက်ခဲတဲ့ ကလေးတွေပဲ တက်ကြတာ။” ဟု ဆရာမ လဆန်ထုခေါင်မှ ဆက်ပြောသည်။

လိုင်ဇာ အထက်တန်းကျောင်းတွင် ၁၀တန်းတက်နေသည့် ကျောင်းသား ဦးရေ ၄၂ ရှိပြီး စစ်ပြေးကျောင်းသား ၂၅ ဦး ထပ်ရောက်လာကာ စုစုပေါင်း ၆၇ ဦး ရှိသည်။ မိုင်ဂျာယန်နှင့် အင်ဂွမ်လ ကျောင်းတွင်မူကျောင်းသား အယောက် ၃၀ ကျော် စီခန့် ကျောင်းတက်ရောက်နေသည်။

Most read this week