ကချင်ပြည်နယ်တွင် ABSDF(NB) အလုပ်အဖွဲ့ ပြန်လည် ဖွဲ့စည်း

ကချင်ပြည်နယ်တွင် ABSDF(NB) အလုပ်အဖွဲ့ ပြန်လည် ဖွဲ့စည်း
by -
ဇော်ကြီး

ယနေ့ကျရောက်သည့် (၂၃) နှစ်မြောက် ရှစ်လေး လုံးနေ့ နှစ်ပတ်လည် အခမ်းအနားတစ်ရပ်ကို တရုတ်မြန်မာနယ်စပ်တွင်   ပြုလုပ်ကျင်းပခဲ့ပြီး ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ABSDF(NB) အလုပ်အဖွဲ့ကို ပြန်လည် ပြင်ဆင် ဖွဲ့စည်း လိုက်သည်။

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO ဌာချုပ်အခြေစိုက်ရာ လိုင်ဇာမြို့ရှိ သျှင်းလီ စားသောက်ဆိုင်တွင် ယနေ့ နံနက်(၉)နာရီအချိန်က အခမ်းအနားပြုလုပ်ခဲ့ပြီး ABSDF အဖွဲ့မှ ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ကြေငြာချက်တွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် စစ်အစိုးရ၏ မတရားဖမ်းဆီးအကျဉ်း ချခြင်း ခံထားရသည့် (၈၈) မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေး ခေါင်းဆောင် များအား ပြန်လွတ်ပေးရန် အပြင် စစ်မှန်သည့် လူထုအစိုးရ တရပ် ပေါ်ထွန်းရေးကို ဦးတည် ဆောင်ရွက် သွားရန် စသည့် အချက်များ ပါရှိသည်ဟု ပြင်ဆင်ဖွဲ့စည်းလိုက်သည့် အလုပ်အဖွဲ့ခေါင်းဆောင် ဦးလှဆိုင်းက ယခုလိုပြောသည်။

“သူတို့ကတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့လို့ အသံကောင်းဟစ်နေ ပေမယ့် လက်ရှိ အနေအထားကတော့ သူတို့ရဲ့ လွှတ်တော်ထဲမှာ စစ်မျိုးစေ့ ချထားတာကို ပြန်လည် တွန်းလှန်ဖို့အတွက်နဲ့ ၂၀၀၈ ရဲ့ စစ်အုပ်ချုပ်ရေး အခြေခံ ဥပဒေ အရ ဖွဲ့စည်းထားတဲ့ စစ်လွှတ်တော် နဲ့ ကြံ့ဖွံ့အမည်ခံအစိုးရကို ဘက်ပေါင်းစုံကနေ တိုက်ဖျက် ဖြိုဖျက်ဖို့ ကြေငြာချက် ထုတ်တယ်။” 

ယခုပြန်လည် ဖွဲ့စည်းလိုက်သည့် အလုပ်အဖွဲ့တွင် အဖွဲ့ဝင်(၆)ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး ဦးလဆိုင်းက ခေါင်းဆောင်ကာ  ထိုင်းမြန်မာနယ်စပ် မှ ABSDF ဗဟို ဌာနချုပ်နှင့် ဆက်သွယ်ဆောင်ရွက် သွားမည် ဖြစ်သည်။

အခမ်းအနားသို့ မဟာမိတ် KIO အဖွဲ့မှ သဝဏ်လွှာ ပေးပို့ခဲ့ပြီး ချင်းအမျိုးသား တပ်ဦး (CNF ၊ရှမ်းပြည်တိုး တက် ရေးပါတီ (SSPP)၊ ရခိုင့်တပ်မတော်၊ မြန်မာ့ အမျိုးသမီး သမဂ္ဂ BWU၊ ကချင်အမျိုးသမီး အစည်းအရုံး KWA တို့မှ ကိုယ်စားလှယ်များနှင့် ဒေသတွင်း တိုက်ပွဲများကြောင့် နယ်စပ်သို့ ထွက်ပြေး ခိုလှုံလာသည့် ဒေသအသီးသီးမှ လူထု ကိုယ်စားလှယ် စုစုပေါင်း (၂၀၀) ကျော် တက်ရောက်ခဲ့သည်။

ABSDF(NB) တပ်ဖွဲ့ကို ၁၉၈၈ ခုနှစ်တွင် KIO ဌာနချုပ် လိုင်စင်ဒေသတွင် စတင် ဖွဲ့စည်းခဲ့ပြီး စစ်ရေးနိုင်ငံရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ခဲ့သည်။ သို့သော် ၁၉၉၄ ခုနှစ် စစ်အစိုးရနှင့် KIO တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ရာ ၁၉၉၇ ခုနှစ်တွင် ယင်းတပ်ဖွဲ့အနေနှင့် KIO ဒေသအတွင်းတရားဝင် ရပ်တည်လှုပ်ရှားမှု ကို ရပ်ဆိုင်းခဲ့ရသည်။

လွန်ခဲ့သည့် ၁၉၈၈ ခုနှစ် သြဂုတ်လ (၈) ရက်နေ့က တစ်ပါတီအာဏာရှင်စံနစ် ပြုတ်ကျရေး နှင့် မြန်မာ နိုင်ငံအား ဒီမိုကရေစီ စံနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် တနိုင်ငံလုံးရှိ ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် လူထုလူတန်းစား အလွှာအသီးသီးတို့က ဆန္ဒပြတောင်းဆိုခဲ့သည့် အထွေထွေသပိတ်ကြီးပေါ် ပေါက်ခဲ့သည်။

ဆန္ဒပြတောင်းဆိုမှုများကို စစ်အစိုးရက ပစ်ခတ်သတ်ဖြတ် နိမ်နင်းခဲ့သည့်အတွက် ရဟန်းသံဃာ၊ကျောင်း သား၊ ကျောင်းသူများနှင့် လူထု လူတန်းစား အလွှာ အသီးသီးတို့မှ လက်နက်ကိုင် တော်လှန်ရေးဆင်နွဲရန် နယ်စပ်ဒေသများရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထံ ထွက်ခွာခဲ့ရာ ABSDF(NB) တပ်ဖွဲ့ကို KIO ဒေသတွင် ဖွဲ့စည်းခဲ့သည်။

Most read this week