၈ လေးလုံး (၂၃) နှစ်ပြည့် ဓါတ်ပုံပြပွဲ ဘန်ကောက် FCCT တွင် ပြုလုပ်

၈ လေးလုံး (၂၃) နှစ်ပြည့် ဓါတ်ပုံပြပွဲ ဘန်ကောက် FCCT တွင် ပြုလုပ်
by -
ကချင်သတင်းဌာန

ယနေ့ ထိုင်းနိုင်ငံစံတော်ချိန် ညနေ (၇)  နာရီမှ စကာ မြို့တော်ဘန်ကောက်ရှိ FCCT (Foreign Correspondent Club-Thailand) တွင် မြန်မာ နိုင်ငံ ရှစ်လေးလုံး (၂၃) နှစ်ပြည့် ဓါတ်ပုံပြပွဲ ပြု လုပ်မည်ဟု သိရသည်။

080809-8888-uprising
သြဂုတ် ၈ ရက်နေ့တွင် ကျရောက်သည့် အာဆီယံ (၄၄) ပြည့်နှင့် ရှစ်လေးလုံး (၂၃) နှစ်ပြည့်နေ့တွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိသူများအား စစ်ဆေးရန် ကုလသမဂ္ဂမှ Commission of inquiry ဖွဲ့နိုင်ရန် အာဆီယံနိုင်ငံများမှ ထောက်ခံပေးစေလို၍ ကျင်းပလာရ ခြင်းဖြစ်သည်ဟု ပြပွဲစီစဉ်သူ အဖွဲ့များထဲမှ SYCB အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့်ပြောသည်။

FDB (Forum for Democracy in Burma), SYCB (Students and Youth Congress of Burma), NY Forum (Nationalities Youth Forum), AAPP (Assistance Association for Political Prisoners) နှင့် ထိုင်းအခြေစိုက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ စုစုပေါင်း (၅) ဖွဲ့က စုစည်းကျင်းပခြင်းဖြစ်သည်။

ရှစ်လေးလုံးအထိမ်းအမှတ် မှတ်တမ်းများ၊ ဒီပဲယင်းအရေးအခင်း မှတ်တမ်းများ၊ ရွှေဝါရောင်တော်လှန်ရေး မှတ်တမ်းများနှင့်အတူ နောက်ဆုံးအခြေအနေများနှင့်ပတ်သက်၍ ပြပွဲ ပြုလုပ်သွားမည်ဟု ဆိုသည်။

ကိုနော်ဆန်က “မနှစ်က ရွေးကောက်ပြီးနောက်ပိုင်း ဖြစ်သွားခဲ့တဲ့ ကရင်၊ ကရင်နီ၊ ရှမ်း၊ ကချင်ပြည်နယ်များမှာ ပြည်သူတွေ နှိပ်စက်ညှင်းပန်းခံရတာတွေ ဓါတ်ပုံပြပွဲလုပ်သွားမယ်။” ဟု ဆက်ပြောသည်။

ထို့အပြင် မြန်မာပြည်ရှိ နိုင်ငံရေးအကျဉ်းများ၏ အခြေအနေများကိုလည်း ရှင်းပြသွားရန်ရှိကြောင်း သူက ပြောပါသည်။

“လောလောဆယ် နိုင်ငံရေးအကျဉ်းသမား ၁၉၉၄ ရှိနေတယ်။ သူတို့ရဲ့ ဆေးဝါးမရတာတွေ။အစားအသောက် အခက်အခဲတွေ။ ထောင်တွင်းအခြေအနေတွေ။ လွှတ်ပေးတာလည်းမရှိ။ တာတွေနဲ့ပတ်သက်ပြီး ပြောပြသွားဖို့ရှိတယ်။”

မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို အာဆီယံနိုင်ငံများမှလည်း စာနာထောက်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ထောက်ခံပေးမည်ကို ပြပွဲကျင်းပသူများက မျှော်လင့် ထားသည်။

Most read this week