မိုးကြီး၍ ဘားအံ တွင် သံလွင်မြစ် ရေ ကြီးနေ

မိုးကြီး၍ ဘားအံ တွင် သံလွင်မြစ် ရေ ကြီးနေ
by -
အားမီ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နှစ်ပတ်ကျော်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သံလွင်မြစ်ရေမြင့် တက် လာသဖြင့် မြို့ပေါ်ရပ်ကွက်များရေလျှံလျှက် ရှိသည်။

ဘားအံမြို့ပေါ်ရှိ ရပ်ကွက် (၉) ရပ်ကွက်အနက် (၈) ရပ်ကွက်တွင် ရေများလျှံတက်လျှက်ရှိပြီး ရပ်ကွက် တစ်ခုလျှင် အိမ်ခြေ (၁၀၀) ကျော်မှ (၅၀၀)ကျော်ထိ ရှိကြောင်း အမှတ်-၄ ရပ်ကွက်မှ ဒေသခံက ပြောသည်။

“အမှတ်(၅)ရပ်ကွက်က main (အဓိက) လမ်းကြီးရဲ့ အတွင်းဘက်၊ ရာဘာခြံ-၁ လမ်း၊ ၂ လမ်း၊ ၃ လမ်း၊ ၄ လမ်းဆိုရင် လူတရပ် မြုပ်သွားပြီ။ ကတ္တရာလမ်းတွေလည်း အကုန်လုံး ရေကျော်နေ တယ်။ (နိမ့်တဲ့)အိမ်ဆို ရင်  ခေါင်မိုးထိရောက်နေပြီ” ဟု ယင်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် အမှတ်(၂) ရပ်ကွက်ရှိ ရပ်ကွက်ရုံး နှင့် မြို့မစျေးအောက်ပိုင်း တစ်ပိုင်းလုံး ရေမြုပ်သွားသည့် အတွက် ၎င်းစျေးကို ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့ထားရသလို “အမှတ်-၄ ရပ်ကွက်က ညစျေးဆိုရင်လည်း စျေးတနေရာလေးပဲ ပေါ်ပြီးတော့ စျေးသွားတဲ့ လမ်းတွေက မြုပ်နေတာ။ လူတွေက လှေနဲ့ပဲသွားနေရတာ။” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ မိုးကြီး ရေလျှံမှုကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်များရှိ စာသင်ကျောင်းများနှင့် ကွန်ပြူတာ တက္ကသိုလ်ကျောင်းတို့ ပိတ်ထားသည်မှာ (၃) ရက်ရှိပြီဟု သိရသည်။

အမြင့်ဆုံးသံလွင်မြစ် စိုးရိမ်ရေအမှတ်မှာ ရ၅၀ စင်တီမီတာဖြစ်သော်လည်း ယမန်နေ့က ၈၆၉ စင်တီမီတာထိ မြင့်တက်သွားသည်ဟု မိုးလေဝသနှင့် ဇလဗေဒ၏ ယမန်နေ့ထုတ် နေ့စဉ်မြစ်ရေ ခန့်မှန်းချက်တွင်ထုတ်ပြန် ထားသည်။

အမှတ်(၂) ရပ်ကွက်မှ မြို့ခံ အမျိုးသမီး တဦးကလည်း သံလွင်မြစ်ရေလျှံတက်သဖြင့် ဘားအံ မြို့ပေါ်ရှိ ရပ်ကွက်အများစုတွင် လှေများဖြင့် သွားလာနေရပြီး၊ ရပ်ကွက်(၈)ရပ်ကွက်ရှိ အနည်းဆုံးရေဘေးဒုက္ခ သည် ၁၀၀၀ ကျော် ကုန်းမြင့်ပိုင်းရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ပြည်နယ်အားကစားကွင်းထဲတွင် သွားရောက် ခိုလှုံနေထိုင် လျှက်ရှိသည်ဟု ပြောသည်။

ယခုနှစ်ရေလျှံမှုနှင့်ပတ်သက်၍ “နှစ်နှစ်၊ သုံးနှစ်လောက်ရှိပြီ ဒီလောက်ထိ ရေကြီးတာ မရှိဘူး။ အခုကတော့ လမ်းတွေ ရေကျော်တယ်။ ကျနော်တို့ ဘားအံကနေ ကမ်းနားလမ်းသွားတဲ့ လမ်းတောက်လျှောက်က ရေကျော်တယ်။ အနိမ့်ပိုင်းတွေဆို လှေနဲ့ပဲသွားနေရတာ။ စပါးစိုက်ခင်းတွေ အကုန်မြုပ်တယ်။ ဘားအံကို ရန်ကုန်ဘက်က ဝင်လာတဲ့ လမ်းဘေးက လယ်တွေ အကုန်မြုပ်နေတယ်” ဟု ပြောသည်။

ဘေးလွတ်ရာသို့ ရောက်ရှိနေသူများက ရေဘေးဒုက္ခသည်များအား အစားအစာနှင့် သောက်ရေ များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် လိုက်လံဝေငှ ပေးကြသည်ဟု ၎င်းကဆက် ပြောသည်။ ထို့အပြင် ဘားအံမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းကလည်း ပြည်နယ်အားကစားကွင်း တွင် ရောက်နေသော  ရေဘေး ဒုက္ခသည်များ အတွက် ဆန်အိတ်(၅၀) ပေးလှူခဲ့သည်ဟု ဒေသခံများကပြောသည်။

ဒေသခံအာဏာပိုင်များက အမှတ်-၅ ရပ်ကွက်ရှိ အားကစားကွင်းနှင့် အမှတ်-၂ ရပ်ကွက်ရှိဘုန်းကြီး ကျောင်းတွင် ရောက်ရှိနေသော ရေဘေးဒုက္ခသည်များအား လူတစ်ဦးလျှင် ဆန် နှစ်ဗူးနှုန်းဖြင့် ယမန်နေ့က ပေးဝေနေကြောင်း အခြားမြို့ခံတစ်ဦးက ပြောသည်။

ယခင်လ နောက်ဆုံးအပတ်တုန်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသတွင်း ရေလျှံခဲ့ဖူး သော်လည်း ယခုအကြိမ်သည် ဘားအံမြို့တွင် အဆိုးရွားဆုံးဖြစ်သည်ဟု ဒေသခံများကပြောသည်။

Most read this week