ကချင်နှင့် ဆွေးနွေးပွဲ ကို အခွင့်ကောင်းယူ၍ အစိုးရက တပ်အင်အား ဖြည့်နေ

ကချင်နှင့် ဆွေးနွေးပွဲ ကို အခွင့်ကောင်းယူ၍ အစိုးရက တပ်အင်အား ဖြည့်နေ
by -
အားမီ

မြစ်ကြီးနားမြို့မှကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာလိုင်ဇာမြို့ သို့ သွားသည့် ကားလမ်းပေါ်ရှိ ကဇူးရွာ အခြေစိုက် စစ်အစိုးရတပ်တွင်တပ်အင်အား နှင့်ရိက္ခာဖြည့်တင်းမှုများရှိ သည်ဟု ဒေသ ခံများက ပြောသည်။

ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့(KIO)နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသည့် ခရီးစဉ်ကို အကြောင်းပြုကာ ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဒေသခံနှင့် KIO တာဝန်ရှိသူတို့က ပြောသည်။

“လူကြီးခရီးစဉ်ဆိုပြီး လုံခြံုရေးအရ လိုက်လာတယ် ပြောတယ် လူကြီးတွေပြန်သွားတော့ စစ်သားတွေလိုက် မသွားတော့ဘဲ ဒီမှာဘဲ ကျန်ခဲ့တာတွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆွေးနွေးပွဲ ပထမရက် သြဂုတ်လ ၁ ရက်နေ့ တွင် ၀ုိင်းမော်မြို့နယ်အတွင်းရှိ ကဇူးကျေးရွာသို့ ခြေမြန်တပ်ရင်း ခမရ ၃၁၈ မှ စစ်ကူအင်အား၊ လက်နက်နှင့် ရိက္ခာများ ချပေးခဲ့သည်ဟု တဘတ်ကျေးရွာမှ မျက်မြင်သက်သေ တစ်ဦးပြောသည်။

တဖန် ဒုတိယရက်တွင်လည်း “စစ်ကား တွေနဲ့  လက်နက်အကြီးတစ်လက် ၊ သေတ္တာ ၂လုံး ၊ ဆန်အိတ် ၅၀ လောက်ရှိတယ်။ စစ်သားတွေအယောက် ၃၀ လောက်။ စစ်အင်အား လာဖြည့်တယ်” ဟု ကဇူးဒေသခံတစ်ဦး က ပြောသည်။

မြစ်ကြီးနားမြို့မှ KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့သို့သွားရာ လမ်းကြောင်းပေါ်တွင် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနေသည့် လဂျားယန် ကျေးရွာတည်ရှိပြီး ယင်းကျေးရွာ မရောက်မီ ဂါးရာယန်၊ ကဇူးနှင့်တဘက် ကျေးရွာ တို့ကို ဖြတ်သွားရသည်။

ယင်းကဲ့သို့ တပ်အင်အားတိုးချဲ့မှုနှင့် ပတ်သက်၍ “သူတို့ ဒီလိုလုပ်တာက ထုံးစံပဲလေ၊ အရင် အစည်းအဝေး တွေတုန်းကလည်း ဝိုင်းမော်တလျှောက်လုံးမှာ တပ်အင်အားချခဲ့တာပဲ။ အစည်းအဝေးဆိုပြီးတပ်အင်အား ဖြည့် တာက သူတို့လုပ်နေကြပဲ။” ဟု KIA မှ အရာရှိတစ်ဦးက ပြောသည်။

ယခင်က ကဇူးကျေးရွာတွင် ၀ုိင်းမော်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၅၈ တရင်း သာရှိပြီး တပ် အင်အား (၇၀)ခန့်ရှိသည်။ နောက်ပိုင်းတွင် အင်အား(၅၀) ခန့်ရှိသည့် ခမရ-(၃၁၈) တပ်ရင်းမှ  ထပ်မံအင်အား ဖြည့်ခဲ့သည်။ ယခုခါ ကဇူးကျေးရွာတွင် အစိုးရတပ်အင်အား (၂၀၀)ကျော် ရှိနိုင်သည် ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။  

ယင်းတို့အနက် ကဇူးကျေးရွာရှိ ကချင်နှစ်ခြင်း ဆမားဇုံနယ်ရုံး သော့အား ရိုက်ဖွင့်ပြီး အစိုးရတပ်သား(၃၀)ခန့်က ဝင်ရောက်နေထိုင်လျှက်ရှိသည်ဟု သိရပြီး တဘတ်နှင့် ဂါးရားယန် ကျေးရွာအတွင်း လူမနေသည့် အိမ်များတွင်လည်း ၀င်ရောက်နေထိုင်ကြသည်ဟု ဒေသခံများက ပြောသည်။

ဒေသတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ ရွာသားများသည် KIO ဌာနချုပ် လိုင်ဇာမြို့ အပါအဝင် တရုတ် - မြန်မာ နယ်စပ်တလျှောက်နှင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ ဗန်းမော်မြို့များ၌ ထွက်ပြေးခိုလှုံ နေကြသည်။

Most read this week