KIO နှင့် အစိုးရ တွေ့ဆုံမှု နည်းပရိယာယ်တစ်ခုသာဖြစ်ဟု UNFC ပြော

KIO နှင့် အစိုးရ တွေ့ဆုံမှု နည်းပရိယာယ်တစ်ခုသာဖြစ်ဟု UNFC ပြော
by -
အားမီ

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO) နှင့် အစိုးရကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး မှုသည် အစိုးရ၏ နည်းပရိယာယ် တစ်ခု သာဖြစ်သည်ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ-UNFCကပြော သည်။

“အစိုးရက အခု ကချင်နဲ့တွေ့တာက နည်းပရိယာယ် တမျိုးပဲ။ တကယ်လို့ ကချင်နဲ့သာ အပစ်အခတ်ရပ်ရေး သဘောတူညီမှုရရင် ကရင်၊ ကရင်နီ၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိတိုက်မယ့် သဘောပဲ” ဟု UNFC မှ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်ဆိုပါက မြန်မာအစိုးရအနေဖြင့် UNFC မဟာမိတ် အဖွဲ့တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်ပါ ဆွေးနွေးသင့်သည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

UNFC အဖွဲ့တွင် KIO၊ ကရင် အမျိုးသားအစည်းအရုံး-KNU၊ မွန်ပြည်သစ်ပါတီ- NMSP၊ရှမ်းပြည်တိုးတက်ရေး ပါတီ-ရှမ်းပြည် တပ် မတော်-SSPP/SSA၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP နှင့်ချင်းအမျိုးသား တပ်ဦး-CNF တို့ ပါဝင်သည်။

လောလောဆယ် မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့်ကရင်နီပြည်နယ် များ တွင် အစိုးရတပ်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

ယင်းအနက် မြန်မာအစိုးရက ကချင်အဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပြီးခဲ့သည့် တနင်္လာနှင့် အင်္ဂါနေ့များက အစိုးရနှင့် KIO ထပ်မံ တွေ့ဆုံခဲ့သော်လည်း နှစ်ဘက်ကိုယ်စားလှယ် များ အပစ်အခတ် ရပ်စဲ ရေးအတွက် တိကျသည့်ရလဒ် မရရှိသေးကြောင်း သိရသည်။

နှစ်ဘက်ဆွေးနွေးမှုတွင် KIO က UNFC အဖွဲ့အတွင်း ချမှတ်ထားသည့် မူအတိုင်း ဆွေးနွေးခဲ့သည်ဟုလည်း ဦးလနန်က ဆက်ပြောသည်။

“အခုထပ်တွေ့တဲ့အခါမှာလည်း KIA တဖွဲ့ထဲ အပစ်ခတ် ရပ်စဲမယ် ဆိုတာမျိုးမဟုတ်ဘဲတစ်နိုင်ငံလုံးအတိုင်း အတာ အနေနဲ့ အပစ်ခတ်ရပ်စဲဖို့ပေါ့။ အခုဆွေးနွေးမှု စာချုပ်မှာ အဓိကထားဆွေးနွေးခဲ့တာပါ” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

UNFC ၏ နိုင်ငံရေး ဦးတည်ချက်မှာ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်ပြီး အဖွဲ့အတွင်းမှ မည်သည့်တပ်ဖွဲ့ဝင်ကို မဆို မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်လာပါက ကျန်အဖွဲ့များက ပူးပေါင်းလက်တွဲ ပါ၀င် တိုက်ခိုက်သွားရန် မူဝါဒ ချမှတ်ထားသည်။

KIO သည် ယခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၂)ဖွဲ့ပါဝင်သည့် UNFC တွင်ပါဝင်ခဲ့ပြီး ၎င်းအဖွဲ့ကို မေလ (၁၇)ရက်နေ့တွင် အဖွဲ့(၆)ဖွဲ့ဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ရာ တွင် ဆက်လက်ပါဝင်ခဲ့သည်။

KIO နှင့် အစိုးရကိုယ်စားလှယ်များ သြဂုတ်လ ၁ ရက်နှင့်၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုကို ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်း ယန်မြို့ နယ်ခွဲ လဂျားယန်ရွာတွင် ပြုလုပ်ခဲ့သည်။ ဇွန်လ ၁၇ ရက်နှင့် ၃၀ ရက်နေ့ကလည်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ယခုအကြိမ် တွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်မှ ကချင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်၊ ကချင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ကချင် အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်တို့ ပါ၀င်ပြီး KIO အဖွဲ့ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သည့် အဖွဲ့ဝင် ခြောက်ဦးပါ၀င်၍ ထပ်မံတွေ့ဆုံဆွေးနွေးရန် ရှိသေးသည်ဟုလည်း ဦးလနန်က ပြောသည်။

 ယခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ခဲ့သည့် ကချင်ပြည်နယ်တွင်းတိုက်ပွဲများကြောင့် ဒေသခံ ၂၀,၀၀၀ကျော် သည် KIO ဌာနချုပ် လိုင်ဇာမြို့ အပါအဝင် တရုတ်-မြန်မာနယ်စပ် တလျှောက်နှင့် မြစ်ကြီးနား၊ ၀ုိင်းမော်၊ မိုးညှင်း၊ ဗန်းမော် မြို့များသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

Most read this week