၀ိုင်းမော်၌ စစ်ပြေး ဒုက္ခသည် ကလေးများ နေ့ဝက် ပညာသင်

၀ိုင်းမော်၌ စစ်ပြေး ဒုက္ခသည် ကလေးများ နေ့ဝက် ပညာသင်
by -
အားမီ

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အစိုးရတပ်တို့ အကြား ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၀ိုင်းမော် မြို့နယ်အတွင်း ကျေးရွာများမှ ထွက်ပြေး တိမ်းရှောင်နေရသော ဒုက္ခသည် ကလေးများကို ဝိုင်းမော်မြို့ရှိ တွဲဖက် အထက်တန်းကျောင်း (အထက)ကပညာသင်ကြားပေး နေသည်။

မြစ်ကြီးနားမြို့နယ် ပညာရေးမှူး၏ ညွန်ကြားချက်ဖြင့် စစ်ပြေး ဒုက္ခသည်ကလေးများကို နေ့တဝက် သင်ကြားပေးသည်ဟု ဝိုင်းမော် တွဲဖက် အထက မှ ဆရာမ တစ်ဦးက ပြောသည်။

“အခုကျောင်းမှာက ကလေးတွေကို အချိန်ခွဲပြီး သင်ပေးနေရတယ်။  စစ်ကြောင့် ရောက်လာတဲ့ ဒုက္ခသည် ကလေးတွေကိုတော့ မနက်ပိုင်းပေါ့။ ဝိုင်းမော်က ကျောင်းသားတွေကိုက နေ့လယ်ပိုင်း ၁ နာရီမှာပေါ့”ဟု ၎င်းက ပြောပြသည်။

ပညာသင်ကြားနေသည့် စစ်ပြေးဒုက္ခသည် ကျောင်းသားပေါင်း၂၀၀ နီးပါးရှိပြီး အများစုမှာ အသက် ၅ နှစ်ခန့်မှ ၁၄ နှစ်အရွယ်များ ဖြစ်ကြ ကြောင်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဂါးရာယန်၊ ကဇူး၊ တဘတ် နှင့် နမ်ဆန်ယန် ကျေးရွာများမှ ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များ၏ ကလေးများဖြစ်ကြောင်းသိရ သည်။

ယင်းကျေးရွာများရှိ အိမ်ထောင်စု ၂၀၀၀ ကျော်အား  အစိုးရက ဇူလိုင်လ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့သည်ဟု KIO မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန် က ပြောသည်။

နေ့တဝက် ပညာသင်ကြားခွင့် စတင်ခဲ့သည်မှာ ရက်သတ္တ၂ ပတ်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။“အခုချိန်ထိ ကျောင်းသား တွေကတော့ ထပ်ရောက်နေတုန်းပဲ။ ဒီကလေးတွေကို စာသင်တာက နှစ်ပတ် လောက်ရှိပြီ။ အများစု က တော့ မူလတန်းကျောင်းသားများတယ်”ဟု အထက်ပါ ဆရာမက ပြောသည်။

စာသင်ကျောင်း တဝိုက် လုံခြုံရေးယူထားပုံ နှင့် ပတ်သက်၍လည်း ဝိုင်းမော်မြို့မှ ဒေသခံတစ်ဦးက“အခုဆို စစ်သားတွေ   ကျောင်းဘေးနားတွေမှာ   စောင့်နေတာပဲ။ သေနတ်လည်း လွယ်ထားတယ်။ကျောင်းလုံခြံု ရေး အတွက်လို့ ပြောတယ်၊ အဲ့ဒီလိုတွေ့တာ တပတ်လောက်ရှိပြီ”ဟု ပြောသည်။

ဝိုင်းမော်မြို့ထဲတွင် ဝိုင်းမော်၊ အထက ကျောင်း တစ်ကျောင်းနှင့် တွဲဖက် အထက ကျောင်း တစ်ကျောင်း ရှိပြီး ဒုက္ခသည် ကလေးများ ပညာသင်ကြား  နေသည့်ကျောင်းမှာ ဝိုင်းမော်တွဲဖက် အထက ကျောင်း ဖြစ်သည်။

ယခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်ခဲ့သည့် ဒေသတွင်းတိုက်ပွဲများကြောင့် ဒေသခံ (၂၀၀၀၀) ကျော်သည် KIO ဌာနချုပ် လိုင်ဇာမြို့ အပါအဝင် တရုတ်-မြန်မာနယ်စပ် တလျှောက်နှင့် မြစ်ကြီးနား၊ ၀ုိင်းမော်၊ မိုးညှင်း၊ ဗန်းမော် မြို့များသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

Most read this week