ဒေါ်အောင်ဆန်းစုကြည် စာအပေါ် KIO မှ ကြေညာချက်ထုတ်မည် မဟုတ်

ဒေါ်အောင်ဆန်းစုကြည် စာအပေါ် KIO မှ ကြေညာချက်ထုတ်မည် မဟုတ်
by -
ကချင်သတင်းဌာန

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာသည် တနိုင်ငံလုံုးနှင့်သက်ဆိုင်သောကြောင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အနေဖြင့် သီးသန့် ကြေညာချက် ထုတ်သွားမည်မဟုတ်ဟု KIO အထွေထွေ အတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ပြောသည်။

lanan_kio_3011

“တနိုင်ငံလုံးနဲ့ဆိုင်တဲ့ အချက်တွေပါနေတယ်။ ပြီးတော့ သူညွှန်းတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းကြီး ၄ ခု နာမည်ပါနေတယ်။ ဒီလက်နက်ကိုင်အဖွဲ့ကြီး ၄ ခုဟာ UNFC အဖွဲ့ဝင်တွေဖြစ်တယ်။ ဒါကြောင့်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့အသံကို ထုတ်ပြန်ဖို့လိုမယ်ဆိုရင် UNFC ကနေပြီးထုတ်ပြန်သွားမယ်။”

 ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်သည် ငြိမ်းချမ်းရေးဘက်သို့လှမ်းဖို့ ပထမခြေလှမ်း လှမ်းလိိုက် ခြင်းဖြစ်သည့်အတွက် အိတ်ဖွင့်ပေးစာ အပေါ်မှာ အကောင်းဘက်မှရှုမြင်သည်ဟု ဆက်ဆိုသည်။

 “ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ပါသည်။” ဟု သမ္မတဦးသိန်းစိန်၊ KIO၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရှမ်းပြည်တပ်မတော် (SSA) သို့ လိပ်မူထားသော ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) မှ အိတ်ဖွင့်ပေးစာအပေါ် ချက်ချင်း အကြောင်းမပြန်နိုင်သေးသော်လည်း ယေဘုယျအားဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည် ဟူသောမူရှိသည်ဟု UNFC ပြောခွင့်ရ မွန်ပြည်သစ်ပါတီ အထွေအထွေအတွင်းရေးမှူး နိုင်ဟံသာ ပြောသည်။

ဇူလိုင် ၁၅ ရက်တွင်  ၂၀၀၈ ဖွဲ့စည်းပုံအစိုးရ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် တရားဥပဒေစိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှုပပျောက်ရေးကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်းမှုကိစ္စ များအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများအတွက် ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ၃ ရက် အကြာ ယင်းအိတ်ဖွင့်ပေးစာ ထွက်ပေါ်လာသည်။

Most read this week