ရေကြီးပြီးနောက် ဖားကန့် ကုန်စျေးနှုန်း နှစ်ဆတက်

ရေကြီးပြီးနောက် ဖားကန့် ကုန်စျေးနှုန်း နှစ်ဆတက်
by -
အားမီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် သည်းထန် ခဲ့သည့် မိုးကြောင့် မြစ်ကြီးနား-ဖားကန့်ကားလမ်း ပျက်စီး ခဲ့သည့်နောက်တွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းစျေးနှုန်း ယခင်ထက်နှစ်ဆမြင့် တက်သွားသည်ဟု ဖားကန့်ဒေသခံများကပြော သည်။

ယခုလ ၁၇ ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်  ဖားကန့်မြို့နယ်တွင်  ယခုနှစ် အတွင်း ဒုတိယအကြိမ် အဖြစ် ရေလျှံခဲ့သည်။ ထိုရေလျှံမှုက ကားလမ်းများ ပျက်စီးစေခဲ့ပြီး ကုန်စည်ပို့ဆောင်ရေး ကိုလည်း နှောင့်နှေးကြန့်ကြာစေခဲ့သည်။

ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ တို့အပြင် လူသုံးကုန်ပစ္စည်းများ၊ စာရေးကိရိယာများ စျေးတက်သွားသည့် အဖြစ်ကို ဆိုင်းတောင်မှ ဒေသခံတစ်ဦး ယခုလိုပြောပြသည်။ “မိုးမရွာခင်ကနဲ့ အခုဆို နှစ်ဆလောက် ကွာသွားတာပေါ့၊ တစ်ပတ် နှစ်ပတ်အတွင်း နှစ်ဆလောက် တက်ကုန်တာ၊ လူသုံးကုန် ပစ္စည်း အကုန်လုံး” ဟုပြောသည်။

လွန်ခဲ့သည် (၁၀) ရက်ခန့်က ဆန်တစ်အိတ်လျင် ကျပ်နှစ်သောင်းရှိခဲ့ရာမှ ယခုအခါ ကျပ် သုံးသောင်းကျော် သို့ မြင့်တက်သွားပြီး ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် တစ်ထောင်ကျော်မှ ကျပ်သုံးထောင် ကျော်ထိ  မြင့်တက် သွားကြောင်း ဒေသခံများကပြောသည်။

“ကုန်တွေက လမ်းမှာတင် ပျက်စီးကုန်တာ၊ အရင်နေ့ချင်း ပြန်ခရီးကို အခုလမ်းမှာတင် သုံး၊ လေးရက်၊ ပစ္စည်းတွေက အကုန်ပျက်၊ ခရမ်းချဉ်သီးဆို ပုပ်ကုန်၊ ရွှံ့တွေ၊ ဗွက်တွေထိပြီး ပျက်ကုန်တော့၊ကျနော်တို့ အတွက်လည်း ဘာမှမကျန်ဘူး၊ အရှုံးပေါ်တော့ ပြန်ကာမိအောင် စျေးတင်ပြီး ရောင်းရတာ” ဟု ဖားကန့်မှ ကုန်သည်တစ်ဦးက ပြောသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပြေးဆွဲနေသော ဟိုင်းလပ်ကားများ၏ ကုန်တင်ခမှာလည်း ယခင် တစ်ပိသာလျှင် ကျပ်နှစ်ထောင်ခန့်မှ ယခုကျပ်လေးထောင်ထိ တက်သွားသည်ဟုလည်း ၄င်းကုန်သည်က ဆက်ပြောသည်။

“အခုကလမ်းမှာကရွှံ့တွေ၊ ဗွက်တွေကြောင့် လမ်းမှာဆိုရင် ကားတွေကိုဆင်တွေနဲ့ ဆွဲနေရတာ၊လမ်းကတော် တော်လေးကိုဆိုးနေတာ။ အခုလိုင်းကားကုန်တင်ခတွေလည်းတက်ကုန်ရော”ဟု မြစ်ကြီးနားမှဖားကန့်သို့ သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

ဖားကန့်မြို့ရှိ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းများမှ မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်မှုကြောင့် ယခုလ (၁)ရက်နေ့တွင် ဥရုချောင်း ရေလျှံကျလာပြီး ဖားကန့်မြို့တမြို့လုံးနီးပါး ပမာဏရှိသည့် အိမ်ခြေ ၄၀၀၀ ကျော် ရေနစ်မြှုပ်ခဲ့ရသည်။

ယခု ဒုတိယအကြိမ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့် သံတံတား၏ ကြမ်းခင်းပေါ်တွင် ရေတစ်ပေခန့် ရှိနေပြီး ကြိုးတံတား ရေနစ်မြုပ်ခဲ့ရာမှ ယခုလ (၂၀) ရက်နေ့ ညနေပိုင်းတွင် ရေများပြန်လည် ကျသွားကြောင်း ဒေသခံများကပြောသည်။

Most read this week