အစိုးရတပ်က မြောက်ပိုင်း SSA ထံ ငြိမ်းချမ်းရေး ကမ်းလှမ်း

အစိုးရတပ်က မြောက်ပိုင်း SSA ထံ ငြိမ်းချမ်းရေး ကမ်းလှမ်း
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် SSA-N ခေါ် ရှမ်းပြည်တိုး တက် ရေးပါတီ SSPP ၏ ၀မ့်ဟိုင်းဌာနချုပ်အား အစိုးရ တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ မှ ယမန်နေ့က ငြိမ်းချမ်းရေး စကား ကမ်းလှမ်း လာသည်ဟု သတင်းရသည်။

မိုင်းနောင်မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၂) လက်အောက်ခံ ဗျူဟာမှူး တဦးက ကျေးသီးမြို့ပေါ်မှ သံဃာတော် နှစ်ပါးအား ၀မ့်ဟိုင်းဌာနချုပ်သို့ စေလွတ်၍   ပြောဆို ခိုင်းခဲ့သည်ဟု SSA-N ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ယခုလိုပြောသည်။

“ကျေးသီးမှာထိုင်ထားတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး မြဝင်းမဟုတ်ရင် ဘုန်းမြင့်ပဲဗျ။ ကျနော်တို့နဲ့ ဆွေးနွေးဖို့ သံဃာတော်နှစ်ပါးလွှတ်ခဲ့တယ်။ အဲလို လွှတ်ခဲ့ပြီးတော့ ၀မ့်ဟိုင်းအဖွဲ့က ငြိမ်းချမ်းရေးကို လိုလားမှုမရှိဘူး လားတဲ့။ အဲဒီလို လာမေးခိုင်းတာလေ။”

အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားပါက ကြားနေအဖွဲ့ ဖွဲ့စည်း၍ တရားဝင် အကြောင်းကြားသင့် ကြောင်း ၀မ့်ဟိုင်းဌာနချုပ်မှ တာဝန်ရှိသူများက တုန့်ပြန်ပြောဆိုလိုက်သည်ဟု ၎င်းက ဆက်ပြောသည်။

“ခုနကပြောသလို သံဃာနှစ်ပါးဆိုတော့ ဆွေးနွေးမယ်ဆိုလည်း အကျူံးမဝင်ဘူးလေ။ သူတို့ကပြီးစလွယ် လုပ်လာတာကိုး။ တကယ်ဆိုရင် နိုင်ငံရေးပါတီတွေလည်း ရှိတယ်။ သံဃာပါရင်လည်းပါပေ့ါ နော်။လေး ငါးယောက်လောက် နဲ့ တရားဝင် အဖွဲ့တဖွဲ့ ဖွဲ့ပြီးတော့ ဆွေးနွေးသင့်တာပေ့ါ။ ပြီးတော့ဆွေးနွေးမယ် ဆိုရင် လက်ရှိသူတို့တပ်စွဲထားတဲ့ ၀မ့်ဟိုင်းဌာနချုပ်တဝိုက်က သူတို့ တပ်တွေ ရုပ်သိမ်းပေးဖို့ပေ့ါ။”

အစိုးရဖက်က ယခုလို ကမ်းလှမ်းလာမှုအပေါ် SSA က  ပထမ ခြေလှမ်းအဖြစ် လက်ခံကြောင်း “ကျနော်တို့် အမြဲတန်း ကြိုဆိုပါတယ်။  ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ရယူချင်တဲ့ ဆန္ဒသာမက တပြည်လုံးအတိုင်း အတာနဲ့ အပစ်ရပ်စဲဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတာ ကျနော်တို့က အမြဲတန်း မျော်လင့်နေတာပဲ။” ဟု ဗိုလ်မှူး စိုင်းလက ပြောဆိုသည်။

ထို့အပြင် သံဃာနှစ်ပါး မစေလွှတ်မီ ယခုလ (၂၄) ရက်နေ့ကလည်း ၀မ့်ဟိုင်းဒေသအတွင်းရှိစာသင်ကျောင်း များ ပြန်လည် ဖွင့်လှစ်ပေးရန် ကျေးသီးမြို့နယ် ပညာရေးမှူးအား စေလွတ် အကြောင်းကြား ခိုင်းခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရှိသေးပါက ကျောင်းများ ပြန်လည် ဖွင့်လှစ်၍ မရနိုင်သေးကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်ဟု ဗိုလ်မှူးစိုင်းလက ပြောသည်။

“သူတို့ တပ် မရုပ်သိမ်း သမျှတော့ တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်နိုင်တယ်လေ။ ဒါကြောင့်ကျောင်းသားမိဘ တွေရော ကျောင်းသူ၊ ကျောင်းသားတွေရော ရွာထဲမှာ ကျောင်းပြန်တက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလေ။”

တိုက်ပွဲဖြစ်ပွားခဲ့ရာ ၀မ့်ဟိုင်းဒေသတဝိုက်တွင် မူလတန်းကျောင်း (၁၃) ကျောင်း အပါအဝင်အထက်တန်း ကျောင်း တကျောင်းနှင့် ပရဟိတ ကျောင်းတကျောင်းအားလုံး စာသင်ကျောင်းပေါင်း (၁၅) ကျောင်းနှင့် ကျောင်းသူကျောင်းသား တစ်ထောင်ကျော်ရှိသည်ဟု သိရသည်။

လောလောဆယ် ဒေသတွင်း တိုက်ပွဲများ ငြိမ်သက် နေသော်လည်း ဒေသခံကျေးရွာသားများ အနေနှင့် ကျေးရွာများအတွင်းသို့ ပြန်လည် ၀င်ရောက်နိုင်ခြင်း မရှိသေးဘဲ တောတောင်ထဲ၌သာ ပုန်းရှောင် နေကြရသည်ဟု သတင်း ရရှိသည်။

ယခုလ (၁၁) ရက်နေ့မှ စတင်၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ SSA ခေါ် SSPP ၏ ၀မ့်ဟိုင်း ဌာနချုပ်နှင့် တစ်ဖာလုံခန့် အကွာတွင် အစိုးရတပ်ဖွဲ့များ ရောက်ရှိ ရပ်တန့်နေပြီး တပ်ရင်းပေါင်း (၁၄) ရင်းမှ အင်အား တစ်ထောင်ကျော်က ၀ုိင်းရံ ပိတ်ဆို့ထားသည်။ ထို့အပြင် ယခုစစ်ဆင်ရေးအတွက် အစိုးရဖက်မှ အသုံးပြုထားသည့် တပ်ရင်းပေါင်း (၄၂) ရင်းရှိသည်ဟု သတင်းရကြောင်း ဗိုလ်မှူးစိုင်းလက ပြောသည်။

၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲခဲ့သည့် မြောက်ပိုင်း SSA တပ်ဖွဲ့သည်ဌာနေပြည် သူ့စစ်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ခဲ့ရာမှ လွန်ခဲ့သည့် မတ်လ မှစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week