အစိုးရတပ်က အိမ်ထောင်စု ၂၀၀၀ ခန့် ပြောင်းရွှေ့ခိုင်း

အစိုးရတပ်က အိမ်ထောင်စု ၂၀၀၀ ခန့် ပြောင်းရွှေ့ခိုင်း
by -
ဇော်ကြီး

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားနှင့်ဗန်းမော် မြို့အကြား ကားလမ်းဘေးရှိ ကချင်ရွာသုံးရွာမှ အိမ်ထောင်စု (၂၀၀၀)ခန့်အား ယနေ့နောက်ဆုံး ထား ပြောင်းရွှေ့ရမည်ဟု အစိုးရတပ်က အမိန့် ထုတ်ထားသည်။

၀ုိင်းမော်မြို့နယ်အတွင်းရှိ ဂါးရားယန်၊ ကဇူးနှင့် သဘတ် ကျေးရွာများကို ပြောင်းခိုင်းခြင်း ဖြစ်ကြောင်း ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလနန်က ယခုလိုပြောသည်။

“ဒီနေ့ (၂၅) ရက်နေ့ နောက်ဆုံးထားပြီးတော့ အဲဒီရွာတွေက ရွာသားတွေကို ရှောင်ခိုင်းတဲ့ သဘော ရှိတယ်။ အိမ်တွေ ဘာတွေ ဖျက်တာတော့ မဟုတ်ဖူးဗျ။ ရှောင်ခိုင်းတဲ့ သဘော ဖြစ်ပါလိမ့်မယ်။ လူဦးရေတော့ ခန့်မှန်းလို့ မရဘူး။ အိမ်ခြေကတော့ နှစ်ထောင်နီးပါးလောက် ရှိမယ်ထင်တယ်။ အဲဒီ ရွာတွေက ရွာကြီးတွေချည်းပဲလေ။ ရွာသုံးရွာ စလုံးက ဆက်တိုက်ကြီး ဖြစ်နေတယ်။”

မည်သည့်အတွက်ကြောင့် တိမ်းရှောင်ခိုင်းသည်ကို မသိရသော်လည်း ၀ုိင်းမော်မြို့ဖက်သို့ အုပ်စုလိုက် ရှောင်တိမ်းလာ ကြသည်ကို တွေ့မြင်ခဲ့ကြောင်း နမ်ဆန်ယန် ကျေးရွာမှ ၀ုိင်းမော်သို့ ပြန်လာသည့် ၀ုိင်းမော်မြို့ခံတဦးက ယခုလိုပြောသည်။

“ဒီကနေ့ဆိုလို့ရှိရင် လူတွေက အရမ်းပဲ ပြေးပြေးလွားလွားနဲ့ ပြေးလာခဲ့ကြတာပေ့ါနော်။ များသောအားဖြင့် တော့ ကချင်တွေပေ့ါလေ။ အဖွဲ့လိုက်အသင်းလိုက်တွေပေ့ါနော်။ အဲဒီဖက်က ရွာတွေအသီးသီးကနေပြီး တော့ ပြေးလွားခဲ့ကြတာလေ။ အဲဒီမှာ အလုအယက်နဲ့ ဖောင်စီးပြီးတော့ ကူးခဲ့ကြတာ။ခါတိုင်းထက် အများကြီး ထူးခြားပြီးတော့မှ ပြေးလွှားလာကြတာကို တွေ့ရတယ်။”

အဆိုပါ ကျေးရွာ သုံးခုမှာ ၀ုိင်းမော်မြို့မှ (၂၁) မိုင်ခန့် အကွာတွင် တည်ရှိ၍ တရုတ်မြန်မာ နယ်စပ်နှင့် အလှမ်းကွာဝေးသည်။ ထို့အပြင် နမ်ဆန်ယန်ကျေးရွာသည် ၀ုိင်းမော်မြို့မှ လိုင်ဇာမြို့သို့သွားရာလမ်းကြောင်း ပေါ်ရှိ ကဇူးကျေးရွာ၏ အလွန်တွင် တည်ရှိသည်။

အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေစဉ်ကာလ၌ ဒေသတွင်းနေ့စဉ်နှင့် အမျှ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ယခုလ (၂၀) ရက်နေ့ည ကလည်း ဂါးရားယန် ကျေးရွာအနီးရှိ တံတား တစင်းအား KIA မှ မိုင်းခွဲဖျက်ဆီးခဲ့သည်။ ထို့အတွက် ထွက်ပြေးလာသူများအခက်အခဲဖြစ်ကြရ သည်ဟု ၀ုိင်းမော်မြို့ခံက ယခုလိုပြောသည်။

“ကျနော်တို့ ဂါးရားယန်နဲ့ ကဇူးကြားထဲမှာ တံတားက ပျက်ထားတယ်လေ။ အဲဒီတံတား ပျက်တဲ့ဆီမှာ ချောင်းကူးတာလေ။ ဟိုးဖက်ကနေပြီးတော့ ဒီချောင်းနားရောက်တဲ့ အထိကို ကားတွေနဲ့ ပို့လာကြတာ။ အဲဒီရောက်လာပြီးတော့ ချောင်းဒီဖက်ကို ၀ါးဖောင်နဲ့ ကူးလာကြတာ။”

လောလောဆယ် KIO နှင့် အစိုးရတပ်ဖွဲ့များကြား ဖြစ်ပွားနေသည့် အခြေအနေများအား ဆွေးနွေး နိုင်ရန် ယခုလ (၂၂) ရက်နေ့က ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့မှ KIO ထံ ဒုတိယ အကြိမ်မြောက် အကြောင်းကြားစာ တစောင်ပေးပို့ခဲ့ပြီး စာပါအကြောင်း အရာနှင့်ပတ်သက်၍ ဦးလနန်က ယခုလိုပြောသည်။

“သူတို့ပြောတာတော့ ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေ လယ်ယာ လုပ်ငန်းခွင်ကို လွတ်လွတ် လပ်လပ် ၀င်နိုင်ဖို့၊ နောက်တခုကတော့ ပြည်နယ်အတွင်းမှာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေ သွားရေးလာရေး အဆင်ပြေ ချောမွေ့စေရေးအတွက် လုပ်ကြရအောင်ဆိုတဲ့ သဘော ပြောဆိုထားတာ ရှိတယ်။ အဲဒီထဲမှာသူတို့က နိုင်ငံရေးဆိုတဲ့ ဝေါဟာရ တလုံးတလေမှ မပါဘူး။ သူတို့ရဲ့ လိုချင်တဲ့ ဆန္ဒတွေက အဲဒီ အချက်တွေပဲ။”

ယင်းကိစ္စအပေါ် ပထမ အကြိမ် တွေ့ဆုံခဲ့စဉ်က တောင်းဆိုထားသည့်အတိုင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲပေးရန်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အပါအဝင် အကယ်၍ထပ်မံတွေ့ ဆုံဆွေးနွေးမည်ဆိုပါက အစိုးရ ကိုယ်စားလှယ်အဖွဲ့မှဆုံးဖြတ်ပိုင်ခွင့် ရှိသူများ ပါ၀င်လာရမည်ဟု ယနေ့ မွန်းလွဲပိုင်းက တုန့်ပြန်လိုက်ကြောင်း ဦးလနန်က ပြောသည်။

“နောက်တခုကတော့ အခုလာမယ့် တွေ့ဆုံမယ့် အဖွဲ့မှာ ဆုံးဖြတ်နိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေပါလာ မလား ပေ့ါနော်။ ဒါမှ မဟုတ်ရင်လည်း ဗိုလ်မှူးကြီး သန်းအောင်ကို သူတို့ကနေပြီးတော့ ဘယ်လောက်အထိ ဆုံးဖြတ်နိုင်ခွင့် ပေးမလဲ ဆိုတဲ့ မေးမြန်းချက်တွေ ပါတယ်။ နောက်တချက် ကတော့ တွေ့ဆုံမယ်ဆိုရင် ဘယ်ရက်မှာတွေ့ကြမလဲဆိုတဲ့ဟာမျိုး မေးခွန်းမေးထားတာမျိုး ကျနော်တို့ ရေးပြီးတော့ပြန်ပို့ထားလိုက် တယ်။ ဒီနေ့ပဲ ပို့လိုက်ပါတယ်။”

KIO သည် ယခင် စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးခံခဲ့ရသည်။ ယင်းနောက် နှစ်ဖက်စစ်ရေးပြင်ဆင် မှုများ ပြုလုပ်လာရာမှ ယခုနှစ် ဇွန်လ(၉) ရက်နေ့က စတင်၍ တာပိန်ရေအား လျှပ်စစ်စီမံကိန်း လုံခြံုရေး အကြောင်း ပြချက်ဖြင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည်။

တိုက်ပွဲများကြောင့် ဒေသခံ ၁၆,၀၀၀ ခန့်သည် KIO ဌာနချုပ် လိုင်ဇာမြို့ အပါအဝင် တရုတ်မြန်မာနယ်စပ် တလျှောက်နှင့် မြစ်ကြီးနား၊ ၀ုိင်းမော်၊ မိုးညှင်း၊ ဗန်းမော် မြို့များသို့  ထွက်ပြေးခိုလှုံခဲ့ကြသည်။

Most read this week