အစိုးရနှင့် KIO ပစ်ခတ်မှု ဆက်လက်ရှိနေဆဲ

အစိုးရနှင့် KIO ပစ်ခတ်မှု ဆက်လက်ရှိနေဆဲ
by -
ဇော်ကြီး

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရန် နှစ်ဖက်ဆွေးနွေးနေစဉ် တင်းမာမှု အရှိန် လျော့ကျမသွားဘဲ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်။

KIA-soilder
KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့ကို ကာကွယ်ပေးထားသည့် တပ်မဟာ(၅) လက်အောက်ခံတပ်စခန်း တခုအား ယမန်နေ့ည (၈) နာရီအချိန်ခန့်က ဒေသခံအစိုးရတပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ယခုလိုပြောသည်။

“မနေ့က ဒေါ့ဖုန်းယန်ဖက်ကနေပြီး ကျနော်တို့ရဲ့ KIA တပ်ရင်း (၂၄) ဖက်ကို လက်နက်ကြီးနဲ့ အကြိမ် (၂၀) ကျော်လောက်ဖြစ်ပါလိမ့်မယ်။ ည ရ နာရီကျော်လောက်ကနေ ၉ နာရီ ခွဲလောက် အထိ ပစ်တာရှိတယ်။ ထိခိုက်မှုတော့ မရှိသလောက်ပါပဲ။”

ယင်းတပ်စခန်းမှာ လိုင်ဇာမြို့တောင်ဖက် (၁၀) မိုင်ခန့်အကွာတွင် တည်ရှိပြီး ပစ်ခတ်မှုဖြစ်စဉ် အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယမန်နေ့ညက KIA တပ်ဖွဲ့ဝင်များသည် ဗန်းမော်နှင့် မြစ်ကြီးနား သွားသည့် ကားလမ်းပေါ်မှ ဒေါ့ဖုန်းယန်မြို့အနီးရှိ တံတားအား မိုင်းခွဲဖျက်ဆီးခဲ့သည့်အတွက် အစိုးရတပ်ဖွဲ့က ပြန်လည် ပစ်ခတ်ခြင်း ဖြစ်သည်ဟု လူထုကြားတွင် သတင်းများ ထွက်ပေါ် နေကြောင်း လိုင်ဇာမြို့ခံတဦးကယခုလို ပြောသည်။

“ဒီက လူတွေက ပြောနေကြတယ် ဒေ့ါဖုန်းယန်နားက တံတားမှာ မနေ့ညက မိုင်းနဲ့သွားခွဲလို့တဲ့ ဟိုဖက်က ပြန်ပစ် လာတာလို့ပြောတယ်။ ဒါပေမယ့် သိပ်မသေခြာဘူး။ ပထမဆုံးကြားတဲ့ အသံကတော့ နည်းနည်း တိုးတယ်။ အဲဒီနောက်ပိုင်း ပစ်လာတဲ့ အသံကကြီးတယ်။ ဒီမှာတောင် နည်းနည်း လာတုန်သလိုပဲ။  (၁၅) ချက်လောက်တော့ ရှိမယ်ထင်တယ်။ အဲတာနဲ့ တရုတ်တွေကြောက်လန့်ပြီး ဟိုဖက်ကမ်းကို ပြေးကုန်ကြတယ်။”

ယင်းကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက် မပေးနိုင်သေးကြောင်း “ရွာသားတွေကတော့ ပြောနေတာပဲ။ ဒါပေမယ့် ခိုင်လုံတဲ့ သတင်းတော့ မရသေးဘူး။ စုံစမ်းဆဲပဲ။” ဟု ဦးလနန်က ပြောသည်။

အလားတူ ယခုလ (၂၀)ရက်နေ့ည သန်းခေါင်ချိန်က ဗန်းမော်၊ လိုင်ဇာနှင့် မြစ်ကြီးနား လမ်းကြောင်းပေါ်ရှိ ဂါးရားယန် တံတားအား KIA ကမိုင်းခွဲဖျက်ဆီးခဲ့သည့်အတွက် ကွန်ကရစ် တံတား ကျိုးကျပျက်စီးခဲ့သည်။

လောလောဆယ်တွင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့များ၌  အစိုးရဖက်က စစ်အင်အားများ တိုးမြင့် လာပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည့် အပေါ် ကြိုတင်ကာကွယ်သည့် အနေဖြင့် ယင်းသို့ ဖျက်ဆီးရခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောဆိုသည်။

“အဲလိုတွေ လုပ်နေတော့ ကားလမ်းကလည်း သိပ်ပြီးကောင်းနေတော့ ဒါတွေဟာ လာမယ်ဆိုရင် မိနစ်ပိုင်း၊ နာရီပိုင်းအတွင်းနဲ့ ကျနော်တို့ဆီကို ရောက်လာနိုင်တယ်။ အဲတာကြောင့် ဒါတွေကို အဟန့်အတား လုပ်တဲ့အနေနဲ့ အရေးပါတဲ့ တံတားတွေကို ပြန်ပြီးတော့ ဖျက်ဆီးလိုက်တာပါ။”

ထိုနေ့ တရက်တည်းတွင် မံစီ မြို့နယ်အတွင်းရှိ KIA တပ်ရင်း (၁၂) နှင့် ၀ုိင်းမော်မြို့နယ်အတွင်းရှိ တပ်ရင်း(၃) တို့တွင်လည်း တိုက်ပွဲငယ်လေးများ ကြိုကြားဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရန်နှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနိုင်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ပထမဆုံး အကြိမ်အဖြစ် ဇွန်လကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးမကြာခင်ရက်ပိုင်းအတွင်း ထပ်မံတွေ့ဆုံရန်ရှိသည်ဟု သိရသည်။

အစိုးရနှင့် KIO တို့ ဒေသတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၁၆,၀၀၀ ခန့်သည် တရုတ်မြန်မာနယ်စပ် KIO အခြေစိုက်ရာ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျယ်မြို့တို့အပြင် မြစ်ကြီးနား၊ ၀ုိင်းမော်၊ မိုးညှင်းနှင့် ဗန်းမော်မြို့များသို့ ထွက်ပြေးခိုလှုံနေကြရသည်။

Most read this week