ပထမဆုံးအကြိမ် တရုတ်က ကချင် ဒုက္ခသည်များအတွက် ဆေးဝါးထောက်ပံ့

ပထမဆုံးအကြိမ် တရုတ်က ကချင် ဒုက္ခသည်များအတွက် ဆေးဝါးထောက်ပံ့
by -
ကချင်သတင်းဌာန

ပထမဆုံးအကြိမ် တရုတ်အစိုးရက ယွမ်ငွေ တစ် သိန်း (အမေရိကန်ဒေါ်လာ ၁၅၆၂၅) ခန့် တန်ဖိုးရှိဆေးဝါးများ ကိုကချင်ဒုက္ခသည်များ အတွက် ဇူလို်င် ၂၁ ရက်ကထောက်ပံ့ လိုက်သည် ဟု ဒုက္ခသည်ကယ်ဆယ်ရေး အဖွဲ့ကဆိုသည်။

kachin_refugee_jeyanghka

တရုတ်နိုင်ငံ အနောက်တောင်နယ်စပ်တစ်လျှောက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒေသရှိ ဒုက္ခသည် ၁၆၀၀၀ ကျော်အတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ဂျန်းစီရင်စုအာဏာပိုင်များက ယခုကဲ့သို့ ကူညီ လိုက်သည်ဟု လိုင်ဇာKIO ဌာနချုပ်မှ ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ပြောသည်။

“ဒါပထမဆုံးအကြိမ်ဖြစ်တယ်။ တရုတ်အစိုးရကနေပြီးတော့ KIO နယ်မြေထဲက ဒုက္ခသည်တွေအတွက်အကူ အညီပေးတာ” ဟု ဆလန်ကဘာ ဒွဲပီဆာပြောသည်။

ယခင်က တရုတ်အစိုးရမှ မဟုတ်ဘဲ ယင်ဂျန်းစီရင်စု မှ ဂျိန်ဖော့(မြန်မာလို ကချင်)လူမှုအဖွဲ့အစည်းက လိုင်ဇာရှိ ဒုက္ခသည်များအတွက် ဆန်အိတ် ၁၀၀ နှင့် သွပ်ပြားများ ကူညီပေးခဲ့သည်ဟု ထပ်ဆိုသည်။

ဇွန် ၉ ရက်မှစတင်ခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် မြန်မာအစိုးရနှင့် KIO ကြားဖြစ်ပွားသည့် ပြည်တွင်းစစ်ကြောင့် မြန်မာအစိုးရထိန်းချုပ်သည့် ဒေသမှ ပြည်သူများ တရုတ်နယ်စပ် KIOထိန်းချုပ်ရာဒေသ များသို့ ထွက်ပြေးခိုလုံလာကြခြင်းဖြစ်သည်။

ယင်းသို့ တိမ်းရှောင်လာကြသူများထဲမှ တစ်ဝက်အား လိုင်ဇာနှင့် အခြား KIO ထိန်းချုပ်ရာဒေသများတွင် ယာယီ စခန်း အနည်းဆုံး ၉ ခုဖြင့် နေရာချပေးထားပါသည်။ သို့သော် ကျန်တစ်ဝက်မှာ ကိုယ့်နည်းကိုယ့်ဟန်ဖြစ် တောတောင်များထဲ တိမ်းရှောင် ပုန်းကွယ်နေကြသည်ဟု ဆလန်ကဘာ ဆက်ပြောသည်။

မြန်မာစစ်တပ်နှင့် KIO ကြား တိုက်ပွဲအရှီန် တိုးမြှင့်လာသဖြင့် KIO ထိန်းချုပ်ရာဒေသများသို့ နောက်ထပ် ဒုက္ခသည် အများအပြား ထပ်မံ ရောက်ရှိလာနေဆဲဖြစ်သည်ဟုဆိုသည်။

ဒုက္ခသည်များသည် မြန်မာအစိုးရ စစ်သားများ၏ ဖမ်းဆီးနှိပ်စက် ပေါ်တာဆွဲခြင်းနှင့် အဓ္ဓမပြုကျင့်လာမည်ကို ကြောက်ရွံ့သဖြင့့် ထွက်ပြေးနေကြခြင်းဖြစ်သည်။ ၎င်းတို့ထဲ အနည်းစုသာ အစိုးရထိန်းချုပ်သော မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ကြီးများသို့ ခိုလုံနေကြပါသည်။

မိုးရာသီ ငှက်ဖျား၊ တုပ်ကွေး၊ ကူးစက်ဝမ်းရောဂါများ ဒုက္ခသည်များကြား အဖြစ်များသည့်အတွက် ယခုကဲ့သို့ ဆေးဝါးထောက်ပံ့မှုရရှိခြင်းသည် အလွန် အကျိုးရှိသည်ဟု ဆလန်ကဘာ ဒွဲပီဆာ ပြောဆိုသွားသည်။

Most read this week