SSA က တန်ပြန် ထိုးစစ်ဆင်

SSA က တန်ပြန် ထိုးစစ်ဆင်
by -
အားမီ

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဌာနချုပ်သို့ အစိုးရတပ်ဖွဲ့ များက ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် SSA ဖက်မှ တန်ပြန်စစ်ဆင်သည့်အနေဖြင့် မိုင်းရယ်မြို့သို့ ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု   SSA မြောက်ပိုင်း က ပြောသည်။

SSA-S_journey_in_Shan_State

၀မ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဖက်ရှိ မိုင်းရယ်မြို့ အနောက်ဖက်နှင့် မြောက်ဖက်ရှိ လုံခြံုရေး ဂိတ်များအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က SSA ဖက်မှ ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်း တပ်မှူးတဦးက ယခုလိုပြောသည်။

“နေ့လည် ၁၂ နာရီ ၄၅ လောက်ကနေ ၁၄ နာရီ ၃၅ လောက်အထိ အဲဒီမိုင်းရယ်ဂိတ်တွေကို ကျနော်တို့တပ်က ၀င်စီးတာ သူတို့ဖက်က ဒဏ်ရာရတဲ့လူတွေ ဆေးရုံမှာ ပြည့်နေတယ်လို့ ပြန်ကြားရတယ်။ အရပ်သားက ပြန်ပြောတာပေ့ါနော်။”

ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားနေစဉ် မိုင်းရယ်အခြေစိုက် အမြောက်တပ်ရင်း အမတ (၃၅၀)ကလက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားတဦး ထိခိုက်မှုရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“မိုင်းရယ် အမြောက်တပ်ကလည်း အမြောက်တွေနဲ့ ရမ်းသမ်းပစ်လို့ ပဲ့ထွက်လာတဲ့ အမြောက်ကျည်က လယ်ထွန်နေတဲ့ ရပ်ကွက်(၂)က လယ်သမားတယောက်ကိုထိပြီးလာရှိုးကိုသယ်သွားရ တယ်။”

ထိုနေ့ တရက်တည်းတွင် မိုင်းရယ်မှ ၀မ့်ဟိုင်းဌာနချုပ်သို့ စစ်ကူလာသည့် ခြေလျင်တပ်ရင်း ခလရ ၆၇ နှင့် ခလရ ၂၂ တပ်ရင်း နှစ်ရင်းအား နားလိရွာအနီးတွင် SSA က ခြံုခို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ- ၂)မှုး ဗိုလ်ချုပ် အောင်သန်းထွဋ်က ယခုလ (၁၆) ရက်နေ့မှ စတင်၍ ၀မ့်ဟိုင်းဌာနချုပ်အား တစ်ပတ်အတွင်း သိမ်းပိုက်ရန် အမိန့်ပေးခဲ့သည့်နောက် SSAက မြို့ပေါ်ရှိ အစိုးရတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်မှူးစိုင်းလ က ပြောသည်။

“မိုင်းရယ် မြို့ထဲဖြစ်တာတော့ (၁၈) ရက် ည ဆယ့်တစ်နာရီ ကနေ (၁၉) ရက် မနက် သုံးနာရီ အထိပေ့ါ။ ကျနော်တို့ဖက်က တပ်မဟာ(၁)ရဲ့  ဒု-တပ်မဟာမှူး ဗိုလ်မှူး ဆျဲန်ဖှ ဦးစီးပြီးတော့ မိုင်းရယ် ဗျူဟာကုန်းကို ၀င်ရောက်တိုက်ခိုက်တယ်။ သူတို့ဖက်က ဒဏ်ရာရတဲ့သူတွေ ခြောက်ဘီးကား နှစ်စီးနဲ့ လားရှိုးဖက်ပို့တယ်။”

အလားတူ ယမန်နေ့တရက်တည်း၌ အခြားနေရာများတွင်လည်း တိုက်ပွဲငယ် ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ သည်။ သို့သော် ယနေ့တွင်မူ ပစ်ခတ်မှုများ ကြိုကြားဖြစ်ပွားနေသော်လည်း ပြင်းထန်မှုမရှိသည့် အပြင် အစိုးရတပ်ဖွဲ့များသည်လည်း ၀မ့်ဟိုင်းဌာနချုပ်နှင့် ငါးမိုင်ခန့်အကွာ၌ ရပ်တန့်လျှက် ရှိသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အစိုးရတပ်ဖွဲ့ဖက်က ထိုးစစ်ဆင် တိုက်ခိုက်နေမှု ရပ်တန့်သွားသည့်အပေါ် “သူတို့ အရိပ်အရောင်ကြည့်ရတာ တော့ ပြန်ဆုတ်မယ့် သဘောရှိမယ်ထင်တယ်။ အဲတာ သူတို့ နည်းပရိယာယ်လား ဘယ်လိုလည်း မသိဘူးလေ။ ဒါပေမယ့် စောင့်တော့ကြည့်ရမယ်။” ဟု ဗိုလ်မှူးစိုင်းလက သုံးသပ်ပြောဆိုသည်။

ရှမ်းပြည်အရေး လေ့လာစောင့်ကြည့်နေသည့် ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာ ဦးစိန်ကြည်က ယခုစစ်ဆင်ရေးအား စစ်တိုင်းကြီး(၃) တိုင်းမှ တပ်ဖွဲ့ဝင် များဖြင့် အသုံးပြုတိုက်ခိုက်နေ သည့်အပြင် ကစထ ၂ မှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ကိုယ်တိုင် ဦးဆောင် ပြုလုပ်နေသည့်အတွက် အစိုးရတပ်များ ပြန်လည်ဆုတ်ခွာရန် မျော်လင့်၍ မရနိုင်ကြောင်း ပြောဆိုသည်။

အစိုးရဖက်မှ အမှန်တကယ် ပြန်လည် ဆုတ်ခွာသွားပါက “အဲဒါ ရှမ်းပြည်နယ် ပြည်နယ် လွှတ်တော်က တစုံတရာ တိုက်တွန်း ဖျောင်းဖျမှုကြောင့်လား၊ သမ္မကြီး ဦးသိန်းစိန်ရဲ့ အရပ်သား အစိုးရကပဲ စစ်တပ် အပေါ်မှာ တစိတ်တဒေသ သြဇာ ညောင်းပါတယ် ဆိုတာကို ပြသချင်လို့လား၊ ဒါမှမဟုတ်တရုတ် ကနေ ရှမ်းနဲ့ ကချင်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို တခြားနေရာကို ကူးစက်ကျယ်ပြန့်သွားမှာကို မလိုလားလို့ နအဖကို လက်တို့တာလား။ အဲဒါတွေကြောင့် ဖြစ်နိုင်တာပေ့ါ။” ဟု ဦးစိန်ကြည်က သုံးသပ်သည်။

လွန်ခဲ့သည့် မတ်လ (၁၃) ရက်နေ့က နှစ်ဖက်စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ယခုလ (၁၁) ရက်နေ့တွင် ပိုမိုပြင်းထန်လာခဲ့ပြီး မြောက်ပိုင်း SSA ဌာနချုပ် ၀မ့်ဟိုင်းကျေးရွာအား အစိုးရတပ်အင်အား တစ်ထောင် ကျော်ဖြင့် ၀ုိင်းရံပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

တိုက်ပွဲများကြောင့် ဒေသတွင်းရှိ ကျေးရွာ နှစ်ဆယ်ကျော်မှ အရပ်သားပြည်သူများ အိုးအိမ်စွန့်ခွာ၍တောတွင်း ၌ ထွက်ပြေးပုန်းရှောင်နေကြရပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု သိရသည်။

Most read this week