ကချင်ဒုက္ခသည်များကို လုံခြံုသည့်နေရာသို့ စတင်ပြောင်းရွှေ့

ကချင်ဒုက္ခသည်များကို လုံခြံုသည့်နေရာသို့ စတင်ပြောင်းရွှေ့
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာ စစ်တပ် စစ်ပွဲများသည်အချိန်အကန့်အသတ် မရှိသည့်အတွက် ကချင် စစ်ပြေးဒုက္ခသည်များ အား လုံခြံုသည့်စခန်းများသို့ ပြောင်းရွှေ့မှုများ ပြုလုပ်နေပါသည်။

kachin-refugee

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ဒုက္ခသည်စခန်းမှဒုက္ခသည် ၂၀၀ကျော်အား တရုတ်နယ်စပ်နား လိုင်ဇာမြို့မှ နေ့တစ်ဝတ်ခရီးသွားရသည့် ဂျေယန့်ချောင်းအနီးသို့ ယနေ့ မနက်ထပ်မံ ပြောင်းရွှေ့လိုက်ကြောင်း KIO ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဆလန်ကဘာဒွဲပီဆာမှ ပြောသည်။

“စစ်ဖြစ်နေတော့ အခြေအနေကသိပ်ကောင်းလာဖို့ကိုမမျှော်လင့်ဘူး။ မြန်မာစစ်တပ်ဘက်က ကြည့်မယ် ဆိုလည်း စစ်ရပ်စဲရေးဆွေးနွေးတာပဲရှိတယ်။ ဒါမယ့်ယုံကြည်နိုင်စရာမှမရှိတာ။ သူတို့က ပေ့ါပျက်ပျက်ပဲ လုပ်တော့ စစ်ရပ်ဆိုင်းဖို့ ဖြစ်လာနိုင်ဖို့အောင်မြင်လာစရာအကြောင်းမရှိဘူး၊ ဒါကြောင့်ကျတော်တို့ပိုစိုးရိမ်ရ တာကြောင့် သင့်တော်တယ်ထင်တဲ့နေရာကို ပို့ထားတာ ဖြစ်တယ်။”

တပ်မဟာ (၅) လက်အောက်ခံနယ်မြေများမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ၅၀၀၀ကျော်အား လိုင်ဇာပတ်ဝန်းကျင်ရှိ Woi Chyai ရပ်ကွက်၊ Myu Lawt ဟောခန်း၊ အမှတ် (၃) စျေး၊ မနောဝင်းနှင့် ပါဂျောင် စခန်းများတွင် ယာယီခုံလှုံခွင့် ပြုထားခြင်း ဖြစ်သည်။

သို့သော် စစ်ပြေးများမှာတစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကာနေရာထိုင်ခင်းလုံလောက်မှု မရှိပဲကျပ်သိပ် လာသည်။ ကျန်းမာရေးထိခိုက်မှုများလည်း ဖြစ်ပေါ်လာနိုင်သဖြင့် ၎င်းသို့အားကျန်းမာရေးနှင့် ညီညွတ်ကာ မြန်မာစစ်တပ်သားများ မဝင်ရောက်နိုင်သည့် စိတ်ချ လုံခြံုရသည်ဟုထင်မှတ်ရသောနေရာသို့ပို့ဆောင်လိုက် ခြင်း ဖြစ်သည်။

ဇွန်လ (၁၈) ရက်နေ့တွင်လည်းတစ်ကြိမ် စစ်ပြေးဒုက္ခသည် ၅၀၀ကျော် အား Hpunlum Yang ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်စေခဲ့သည်။

“ဖုံလုံယန် အဲ့မှာချောင်းလည်းရှိတယ်။ ပျော်စရာကြီးပါ။ ကျန်းမာရေးအတွက်လည်းကောင်းတယ်။စစ်တိုက်တာ အချိန်ကြာမယ်ဆိုတော့ နေထိုင်ဖို့ ပိုကျယ်ပြန့်တဲ့နေရာကိုရှာရတာပေ့ါ။ ဒီလိုင်ဇာထဲမှာတော့ ကြာကြာနေလို့ မရဘူး။ ခုလည်း ကလေးတွေ ဝမ်းလျှောတာလောက်တော့ ရှိတယ်။ စိုးရိမ်မှတ်တော့ မရှိပါဘူး။” ဟုဒုက္ခသည် များ၏ ကျန်းမာရေးတာဝန်ယူဆောင်ရွက်ပေးနေသည့် KIO လိုင်ဇာဆေးရုံအုပ် ဆရာဘရန်မိုင်မှ ပြောသည်။

KIO ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီအဖွဲ့မှ ဒုက္ခသည် နာမည် စာရင်းကောက်ခံရေး၊ အထွေထွေ ဆောက်လုပ်ရေး၊ အစားအသောက် စီမံခန့်ခွဲရေး၊ သယ်ယူပို့ဆောင်ရေး၊ စစ်ပြေးကလေးငယ်များ ပညာရေး၊ ကျန်းမာရေးစသည့် ကော်မတီခွဲအသီးသီး ဖြင့် ကူညီစောင့်ရှောက်ပေးနေကြောင်း သိရသည်။

KIA တပ်မဟာ (၃) လက်အောက်ခံနယ်မြေများဖြစ်သည့် မန်မော် (ဗန်းမော်)၊ အင်မောက် (မိုးမောက်)၊ လွယ်ဂျေ မြို့နယ်များရှိ စစ်ပြေးတိမ်းရှောင်သူဦးရေ ၆၀၀ကျော်ခန့်ကိုလည်း မထန်ကျောင်း၊ ပရန်ကဒုံ၊ ခရာ၊ အင်ခေါင်းပါ၊ နောခရားငါးခီးယန်ကျေးရွာတွင် စစ်ပြေးစခန်းများထားရှိ နေထိုင်စေသည်ဟု KIA အရှေ့တိုင်းမှ ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဆလန်ကဘား ဒရှီဆိုင်းလီမှ ပြောသည်။

“နောခရားငါးခီးယန်မှာက လူတစ်ထောင်ကျော်နေလို့ရတဲ့စခန်းတည်ဆောက်ထားပါပြီ။ စစ်အကြီးအကျယ် ပြန်ဖြစ်လာရင်တော့ ဒုက္ခသည်များလာမှာပဲ အဲ့အတွက်ကြောင့်ပါ။”

လွယ်ဂျေ တရုတ်တစ်ဖက်ခြမ်း လားရင်းမြို့တွင်လည်း ကချင်စစ်ပြေးထွက်ပြေးသူ ၁၀၀၀နီးပါးခန့် ရှိပြီး၎င်းတို့့ ကို ပြန်လည် ခေါ်ယူရန် စီစဉ်နေကြောင်း ဆလန်ကဘား ဒရှီဆိုင်းလီမှ ဆိုသည်။

တစ်လကျော် KIAနှင့် မြန်မာစစ်တပ်ကြားပစ်ခတ်နေမှုကြောင့် စစ်ပြေးဒုက္ခသည် များမှာ မိမိအိုးအိမ်စွန့်ကာ နီးစပ်ရာ မြို့များသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရသည်။

ဝိုင်းမော်မြို့နယ် ခရစ်ယာန် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် အယောက် ၁၀၀၀ကျော်ရှိကာ မြစ်ကြီးနားခရစ်ယာန် ဘုရားကျောင်းများတွင်မူ ၅၀၀ကျော်ခန့် ရှိနေပြီဖြစ်သည်။

မိုးညှင်းမြို့နယ်တွင်လည်း ၂၀၀၀ကျော် ရှိနေပြီဖြစ်ကြောင်း KIO စစ်ပြေးဒုက္ခသည် စာရင်းမှ သိရသည်။

၎င်းတို့ လုံခြံုရေးအတွက် KIOမှ သင့်တော်သည့် နေရာများအား ထပ်မံရှာဖွေနေဆဲ ဖြစ်သည်။

Most read this week