SSA-N/SSPP ဒေသတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာ

SSA-N/SSPP ဒေသတွင်း တိုက်ပွဲများ ပိုမို ပြင်းထန်လာ
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့ကအစိုးရ တပ် စခန်းတခုအား ယခုလ (၁၂) ရက်နေ့က တိုက်ခိုက် သိမ်းပိုက်လိုက်သည့်နောက် ဒေသတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသည်ဟုသတင်းရရှိ သည်။

အသိမ်းပိုက်ခံထားရသည့် နမ့်ပုတ်စခန်းသို့ လမ်းကြောင်း သုံးခုခွဲ၍ စစ်ကူဝင်ရောက်လာသည့်အစိုးရတပ်ဖွဲ့  များအား မြောက်ပိုင်း SSA-N တပ်ဖွဲ့ဝင်များက ပြောက်ကျားစံနစ်ဖြင့် တိုက်ခိုက်လျက်ရှိသည်ဟု ထိုင်း နိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။

“(၁၃) ရက် ညနေပိုင်းက တုံလော ဖက်ကသွားတဲ့ ခမရ (၅၁၀)ကို မိန်းတုန်နဲ့ မိန်းလာ အကြားမှာရှိတဲ့ ကျဉ်းမြောင်းတဲ့တောင်ကြားပေ့ါ။ သူတို့အခေါ် နိုင်းချောင်းပေ့ါ။ အဲဒီမှာ ရှမ်းတပ်က နေရာယူပြီး ပြောက်ကျား ချတာ အတုံးအရုန်း ကစဉ့်ကလျား ဖြစ်ကုန်တယ်တဲ့။ ခုထိ ရှေ့မတိုးနိုင် သေးဘူးလို့ ပြောတယ်။  အနည်းဆုံး (၇)ယောက် (၈) ယောက်လောက် ကျေးသီးဆေးရုံကိုထမ်းပို့ရတယ်ပြောတယ်။”

အလားတူ ယနေ့နံနက် (၇) နာရီ အချိန်ခန့်က ကျေးသီးမြို့နယ်၊ ၀မ့်ဖွီးတိုက်နယ်အတွင်းရှိ ၀မ့်နောင်ကား ကျေးရွာဘက်မှ တက်လာသည့် ခြေလျင်တပ်ရင်း ခလရ(၉) တပ်ဖွဲ့ကိုလည်း ပြောက်ကျားစံနစ်ဖြင့် စောင့်ကြိုတိုက်ခိုက်လိုက်သည်ဟု သိရသည်။

ထို့အပြင် နမ့်ပုတ်စခန်း နှင့် လွယ်ကုံစခန်းအကြားရှိ အစိုးရတပ်စခန်းတခုအား မြောက်ပိုင်း SSA-N တပ်ဖွဲ့ဝင်များက ၀ုိင်းရံပိတ်ဆို့ထားသည်ဟု ဦးစိန်ကြည်က ဆက်လက်ပြောဆိုသည်။

“အဲဒီ စခန်းထဲမှာ ဗမာ စစ်သားက (၁၀)ယောက်လောက် ပိတ်မိနေတယ်တဲ့။ အဲတာ ရှမ်းတပ်က အခုထက်ထိ ၀ုိင်းထားတုန်း။ သူတို့ကို အရှင်ဖမ်းမယ်။ လက်နက်ချဖို့ပြောနေတယ်။ နောက်ပြီးတော့ ၀မ်မုံနားမှာမိန်းလာ တိုက်နယ် နမ့်လာရွာ အကျော်ပေ့ါ။ အဲဒီမှာလည်း ခလရ (၂၂) ကို ဒီနေ့မွန်းလွဲပိုင်းမှာ ရှမ်းတပ်ကစောင့်ပစ် တယ်။”

ယမန်နေ့က နမ့်ပုတ်စခန်းမှ ဆုတ်ခွာသွားပြီး လွယ်ဆိုင်းတောင်ကျောပေါ်တွင် နေရာယူထားသည့်အစိုးရ တပ်ဖွဲ့များအား မြောက်ပိုင်း SSA-N တပ်ဖွဲ့များက ၀ုိင်းရံထားသည့်အတွက် အစိုးရဖက်မှ တိုက်လေယာဉ် နှစ်စင်းဖြင့် လာရောက်ကြည့်ရှူ့ခဲ့သေးသည်။

လက်ရှိ ဖြစ်ပွားနေသည့် အခြေအနေအပေါ် ဦးစိန်ကြည်က “တခုလုံး ယေဘုယျခြံုပြောမယ်ဆိုရင် ရှမ်းတပ်က အသာစီးရနေတယ်။ သူတို့ ၀မ့်ဟိုင်းဌာနချုပ် ကို ပတ်ပတ်လည်ကနေ ၀င်လာတဲ့ နအဖ ဗမာစစ်တပ် မှန်သမျှ သူတို့က ကြားဖြတ်ပြီးမှ ပြောက်ကျား စောင့်ပစ်နေတယ်။ မိန်းယိုင်ဖက်က သွားတယ်။ တုံလောဖက်က သွားတယ်။ မိန်းနောင်ဖက်က သွားတယ်။ မိန်းတုံမိန်းလာဖက်ကနေ သွားတယ်။”  ဟု သုံးသပ်ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ဘက်ပေါင်းစုံမှ စစ်ကူပို့ဆောင်လာသည့် အစိုးရတပ်အင်အား (၃၀၀) ခန့် ရှိပြီး မြောက်ပိုင်း SSA-N ဖက်မှ ဌာနချုပ် လုံခြံုရေးတပ်ရင်း (၅) ရင်းရှိသည်ဟု သိရသည်။

မြောက်ပိုင်း SSA-N သိမ်းပိုက်ထားသည့် စခန်းမှာ SSA-N ဌာနချုပ် ၀မ့်ဟိုင်းဒေသ အနောက် မြောက်ဖက်၊ ကျေးသီးမြို့၏ အရှေ့မြောက်ဖက်နှင့် မိုင်းရယ်မြို့၏ အရှေ့တောင်ဖက်တွင် တည်ရှိပြီးယင်းဒေသတဝိုက် တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်အစိုးရလက်ထက် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် အသွင်ပြောင်းရေးကို မြောက်ပိုင်း   SSA-N က လက်မခံငြင်းဆန် ခဲ့ပြီးနောက် အစိုးရသစ် လက်ထက် လွန်ခဲ့သည့် မတ်လ (၁၃) ရက်နေ့မှ စတင်၍ အစိုးရတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

Most read this week