KIA အပစ်ခတ်ရပ်စဲရန် ကချင်လူထု မလိုလား

KIA အပစ်ခတ်ရပ်စဲရန် ကချင်လူထု မလိုလား
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကချင်ပြည် သူလူထု သဘောထား အမြင်များ တောင်းခံသည့်စည်းဝေး ကျင်းပရာ မြန်မာစစ်တပ်နှင့် KIAအပစ်ရပ် စဲရန် လုံးဝ ကန့်ကွက်သည့် အဖြေများသာ ရရှိခဲ့ ကြောင်း သိရသည်။

ဇူလိုင် ၁၂မှ ၁၃ရက်နေ့အထိ နှစ်ရက်ကြာ လူထုသဘောထား တင်ပြဆွေးနွေးမှုကို KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ အလဲန်ဘွမ် (Alen Bum)တွင် စည်းဝေးကျင်းပခဲ့ခြင်းဖြစ်သည်။

“ငါတို့က တိုက်မယ်၊ ချမယ် ဒါပဲ တင်ပြဆွေးနွေးတယ်။ အားလုံး ဒီတစ်သံပဲထွက်တယ်။ အလုအယှက်ပဲ ပြောကြတယ် နောက်မဆုတ်ပဲ ရှေ့တက်ဖို့ပေ့ါ။ ဒီစစ်တပ်က လိမ်ညာတယ်၊ တစ်ခါ၊ နှစ်ခါလိမ်တာက လိမ်တဲ့သူ အပြစ်ပဲ၊ သုံးလေး ငါးခါ လိမ်ရင်တော့ လိမ်ခံရသူ အပြစ်ပဲ။” ဟု စည်းဝေးတက်ရောက်သူ မြစ်ကြီးနား ကိုယ်စားလှယ် တစ်ဦးမှ ဆိုသည်။
kia-zup-hpawng-3
စည်းဝေးတွင် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ဟူးကောင်း၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ပူတာအို၊ မိုးညှင်း၊ မိုးကောင်း စသည့်မြို့များမှ ကိုယ်စားလှယ်များ၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR)မှ ခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်မှ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ MCCမှ ဘာသာရေးဆရာများ အားလုံး စုစုပေါင်း ၁၄၅ဦး တိတိ တက်ရောက်ခဲ့သည်။

KIOမှ ဥက္ကဋ္ဌ ဇောင်းဟရားနှင့် အတူ ဗဟိုဌာနဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် ၁၂ ဦးတက် ရောက်ကာ အရပ်ဖက်အုပ်ချုပ်ရေး အရာရှိ လဂျောင်ခေါင်လွမ်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဇွန်လ (၉)ရက်နေ့မှ  စတင် စစ်ဖြစ်လာသည့် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားမှုမှတ်တမ်းကို စစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်ထန် ဂမ်ရှောင်မှ အသေးစိတ် ရှင်းလင်းပြောဆိုခဲ့သည်။

ဆက်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး လူထု၏သဘောထား အမြင်များအား ပြန်လည် တင်ပြတောင်းဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးအတွက် ငါတို့ ဆွေးနွေး သင့်တာကို ဆွေးနွေးမယ်။ ဒါမယ့် ငြိမ်းချမ်းရေး အပစ်ရပ်စဲတာ၊ နားတာမျိုးက မလုပ်တော့ဘူး၊ မြန်မာစစ်တပ်က ညာတာ သိပ်များနေပြီဆိုတော့ ဒါကို မယုံသင့်တော့ဘူး။” ဟု တက်ရောက်သည့် ပြည်သူအသံများ ထွက်ပေါ်နေသည်။

ရန်ကုန်မှလာသည့် ကိုယ်စားလှယ်များမှာမူ “KIO လူတစ်ယောက် နှစ်ယောက်က ကိုယ်ကျိုးစီးပွားရှာတဲ့ အတွက် KIO အနာဂတ် အနှောက်အယှက် ဖြစ်နိုင်တယ်၊ နှစ် (၅၀) သက်တမ်းကို ကြည့်ပြီး ဗဟို အရာရှိ မှားတာတွေ အများကြီး ရှိခဲ့တယ်။ လဆန်အောင်ဝါ၊ မထုနော်၊ NDA-K ခွဲထွက်သွားတာ ကို ဗဟိုဌာနရဲ့ အားနည်းချက်တွေ ဟုတ်တယ် ဒါကို ဆင်ခြင် သင့်တယ်။” ဟု သူတို့ အမြင်များကို ဝေဖန်ပြောဆိုခဲ့သည်။

ရှမ်းပြည်နယ် ကိုယ်စားလှယ် သဘောထားများမူ “ရှမ်းပြည်က ကချင်ဆိုပေမယ့် ကချင်တိုင်းရင်းသားဖြစ်တဲ့ အတွက် ငါတို့က တစ်ခုတည်းဖြစ်တယ်။ ငါတို့ကို မမေ့ပါနဲ့။ တော်လှန်ရေးမှာ ငါတို့ လည်း ပါဝင်ဆင်နွဲမယ်။” ဟု သူတို့ ခံယူချက်ကို ဆိုခဲ့သည်။

နှစ်ရက်ကြာ ကျင်းပသည့် ယင်းစည်းဝေးပွဲ အပြီးတွင် KIO ဥက္ကဋ္ဌ ဇောင်းဟရားမှ ကချင်တိုင်းရင်းသားများ အားလုံး စည်းလုံးညီညွတ်ရန်နှင့် မြို့ပြတွင်နေထိုင်သည့် ကချင်ပြည်သူများ လက်နက် မစွဲကိုင်နိုင်သော်လည်း ပါဝင် ဆင်နွဲရန် အားပေးမိန့် ခွန်းပြောကြားခဲ့သည်။

KIAနှင့် မြန်မာစစ်တပ် အပစ်အခတ်အရပ်စဲရေးနှင့် ပတ်သက်ပြီး KIOမှ ကချင်လူထုသဘောထားတောင်းခံ သည့် စည်းဝေးကျင်းပနေသလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှလည်းစစ်ရေးစစ်ဆင် နည်းနှင့် ပတ်သက်ပြီး စည်းဝေးပွဲ တစ်ရပ် ကျင်းပနေသည်။

Most read this week