စစ်ဖြစ်နေသောကချင်ပြည်နယ်အတွက် အသင်းတော်များ အစာရှောင် ဆုတောင်း

စစ်ဖြစ်နေသောကချင်ပြည်နယ်အတွက် အသင်းတော်များ အစာရှောင် ဆုတောင်း
by -
ကချင်သတင်းဌာန

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) အောက် အသင်းတော်များမှ ကချင်ပြည်နယ်နိုင်ငံရေးတည်ငြိမ်အေးချမ်းရေး အတွက် ၂၄ နာရီအစာရှောင်ဆုတောင်းခြင်းအစီ အစဉ် ကို တစ်ချိန်တည်း ပြုလုပ်ခဲ့သည်။

pray_for_war_in_kachinstate

မြန်မာပြည်တဝန်းရှိ KBC အသင်းတော်များတွင် ယင်း ဆုတောင်းခြင်းအား ဇူလိုင် ၁၀ရက်နေ့ ညသန်းခေါင်း ၁၂ နာရီမှ ဇူလိုင် ၁၁ ရက် ညသန်းခေါင်ထိ အဆက်အပြတ် ပြုလုပ်ခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ် ပစ်ခတ်နေခြင်းအပေါ် ငြိမ်းချမ်းရေးရယူရန်၊နိုင်ငံရေး ခေါင်းဆောင်ကောင်းများ ပေါ် ထွန်းလာရန်နှင့် နိုင်ငံရေးကြောင့် ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် အချက် (၃)ချက်ဖြင့် ကမ္ဘာအနှံ့ရှိ KBC အသင်းတော်များအစာရှောင် ဆုတောင်းနေခြင်း ဖြစ်သည်။

“အဓိကတော့ နိုင်ငံရေးကြောင့်ပါ။ နိုင်ငံရေးတည်ငြိမ်အေးချမ်းလာဖို့အတွက်ပါ၊ ဆုတောင်းတာတော့ ကိုယ့်ဘက် ကိုယ် ရပ်တည်ပြီးတော့ တောင်းကြတာပေ့ါနော။” ဟု KBC မြစ်ကြီးနားမှ ဆရာနော်ဂျာပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင်လည်း KIO ဌာနဆိုင်ရာအသီးသီးမှ ဆုတောင်းခြင်း မပြုလုပ်မနေရ အမိန့်ဖြင့် ဆုတောင်းခြင်း ပြုလုပ်နေသည်။

“မြန်မာပြည် တစ်ပြည်လုံးပျက်စီး၊ ဆုံးရှုံးလာလို့ လေ။ ဆုများများတောင်းရမယ်။ ကျတော်တို့ဆုတောင်းသံ ကိုလည်းဘုရားကနားညောင်းမှာပါ။” ဟု KIO အရာရှိ တစ်ဦးပြောသည်။

တစ်လနီးပါးပစ်ခတ်နေသည့် စစ်ဒဏ်ကြောင့် ကချင်ဒုက္ခသည်များ မိမိအိုးအိမ်နေရပ်ကိုစွန့်ခွာကာထွက်ပြေး တိမ်းရှောင်နေရသည်။ လိုင်ဇာပတ်ဝန်းကျင်ရှိ ဒုက္ခသည် စခန်းများမူ စစ်ဘေးတိမ်းရှောင်သူတစ်သောင်းကျော် ရှိနေပြီး တခြား တနိုင်းမြို့နယ်၊ ဗန်မော်မြို့၊ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ဆင်ဘိုမြို့အစရှိသည့်ခရစ်ယာန် ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများတွင်လည်းခိုလှုံနေကြသည်။

ကချင်ပြည်နယ် နိုင်ငံရေးပါတီများလည်း စစ်ရေးရပ်စဲရေးကို ပြည်နယ်လွှတ်တော် စည်းဝေးတွင်တင်ပြ တောင်းဆိုဆွေးနွေးမှုများ ပြုလုပ်နေသည်။ ကချင်ပြည်နယ် ဝန်ကြီးချုပ်လဂျွန်ငန်ဆိုင်းမှလည်းနှစ်ဖက်ကြား တိုက်ပွဲကိုရပ်တန့်ရန် ငြိမ်းချမ်းရေးတည်ငြိမ်းရေးနှင့် ညှိနှိုင်းရေးအဖွဲ့အား ဇွန် (၂၇) ရက်နေ့တွင်ဖွဲ့စည်း လိုက်သည်။

KIOနှင့် မြန်မာစစ်တပ်ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဇွန်(၃၀)ရက်နေ့က ဆွေးနွေးခဲ့သော်လည်း ဗဟိုအစိုးရ၏ ညွန်ကြားချက် သက်သေအထောက်အထားမပါ သဖြင့် KIOမှ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား ပယ်ချခဲ့သည်။

ယခုလို နိုင်ငံရေးမတည်ငြိမ်မှု ရပ်တန့်သွားရန် KBCမှ အစာရှောင် ဆုတောင်းပွဲများ ပြုလုပ်နေခြင်းဖြစ်သည်။

Most read this week