မြို့ပေါ်ဒေသများတွင် တိုက်ခိုက်ခြင်းမပြုရန် KIO အမိန့်ထုတ်

မြို့ပေါ်ဒေသများတွင် တိုက်ခိုက်ခြင်းမပြုရန် KIO အမိန့်ထုတ်
by -
ဇော်ကြီး

အစိုးရ နှင့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ် ရပ်ဆိုင်းရေး ပဏာမ ဆွေးနွေးပြီးနောက် ဒေသတွင်းရှိအစိုးရ တပ်စခန်းများနှင့် မြို့ပေါ် ဒေသများတွင် ပစ်ခတ် တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း  KIO က ပြောသည်။

“မြို့ပေါ်မှာ သွားပြီးတော့ အစိုးရဝန်ထမ်းနေရာတို့၊ သူတို့တပ်တွေမှာ ဖောက်ခွဲပြစ်တာတို့ မလုပ်ဖို့ တားမြစ်ထားတာပါ။ သူတို့ခြေကုတ်စခန်းတွေကိုလည်း သွားမတိုက်ဖို့ညွှန်ကြားထားတယ်။ ဒါပေမယ့် အပစ်အခတ်ရပ်ဆိုင်းဖို့ကတော့ နှစ်ဖက် သဘောတူညီချက် မရသေးတော့ ဘာမှ မပြောသေးပါဘူး။” ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကပြောသည်။

အစိုးရနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ ဇွန်လ(၃၀)ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ ယင်းအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်အရ နယ်မြေပိုင်းခြား သတ်မှတ်မှုများ ပျက်ပြယ်သွားပြီး ဒေသတွင်းနှစ်ဖက်တပ်ဖွဲ့များ လှုပ်ရှားနေသည့်အတွက် ထိပ်တိုက်ရင်ဆိုင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်ဟု ဦးလနန်က ပြောသည်။

အလားတူ KIA တပ်မဟာ (၃) ထိန်းချုပ်ဒေသအတွင်းရှိ တာပိန်ရေအားလျှပ် စစ်စီမံကိန်းအနီး အစိုးရ တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ဆမ်ဂန်စခန်းတွင်မူ ဇူလိုင်လ (၁) ရက်နေ့မှ ယမန်နေ့အထိ ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားနေသည်ဟု ဒေသခံ တပ်မှူးတဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ “သူတို့ရှိတဲ့ ဆမ်ဂန် စခန်းပေ့ါနော်။ သူတို့တပ် အပြင်ထွက်လို့မရအောင်ကျနော် တို့ဖက်ကနေပြီးတော့ ပစ်ပေးတာပေ့ါ။ ခြေချုပ်တဲ့သဘောမျိုး လုပ်ထားတာပါ။ အဲဒီကျတော့ သူတို့ကလည်း ပြန်ပစ်ဆိုတော့ အပြန်အလှန် ပစ်ခတ်ကြတာပေ့ါ။” ဟု ဦးလနန်က ဆိုသည်။

ယခုလ (၂) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အခြေစိုက် KIA တပ်မဟာ(၄) ဒေသအတွင်း နယ်မြေကျော်ဝင်ရောက်လာသည့် အစိုးရတပ်ဖွဲ့ဝင် (၅) ဦးအား KIA က တရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး (၃) ရက်နေ့တွင် ပြန်လွတ်ပေးလိုက်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်သတင်းဌာန အယ်ဒီတာ လဖိုင်နော်ဒင်းကပြောသည်။

ယင်းကိစ္စ ဟုတ်မှန်ကြောင်း “တပ်ကြပ်ကြီးတစ်ယောက်၊ တပ်ကြပ်နှစ်ယောက်နဲ့ ရိုးရိုးရဲဘော် နှစ်ယောက်ပါ။ သူတို့ကလည်း အသာတကြည်ပဲ အဖမ်းခံတယ်တဲ့။ ကြားထဲမှာ ဘာမှ ပစ်ခတ်မှု မရှိဘူးလို့ သိရတယ်လေ။” ဦးလနန်က အတည်ပြုပြောဆိုသည်။

ထို့အတူ တရုတ်မြန်မာနယ်စပ် မူဆယ်မြို့မှ လားရှိုးမြို့သို့သွားသည့် လမ်းကြောင်းပေါ်တွင် အစိုးရတပ်ဖွဲ့ဝင် (၁၀)ဦးပါ စစ်ကား တစီးအား KIA တပ်မဟာ(၄) လက်အောက်ခံ တပ်ရင်း(၉)က ယခုလ (၂) ရက်နေ့၌ မိုင်းဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ဒေသတွင်း တပ်အင်အားများတိုးမြင့်ထားကြောင်း  လဖိုင်နော်ဒင်းက ပြောဆိုသည်။

ယင်းလမ်းကြောင်းမှာ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးအတွက်အဓိက ကျသည့် လမ်းကြောင်း ဖြစ်သည့်အပြင် အစိုးရတပ်ဖွဲ့များ၏ စစ်ရေးမဟာဗျူဟာ ကျသည့်လမ်းကြောင်း လည်း ဖြစ်သည့်အတွက် ယခုလို တိုးမြင့်လာခြင်းဖြစ်နိုင်သည်ဟု ဦးလနန်က သုံးသပ်ပြောဆိုသည်။

၁၉၉၄ ခုနှစ်  ယခင်စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲခဲ့သည့် KIO တပ်ဖွဲ့သည် တာပိန်မြစ် ရေအားလျှပ်စစ်စီမံကိန်း လုံခြံုရေး အကြောင်းပြချက်ဖြင့် ၂၀၁၁ ခုနှစ် ဇွန်လ(၉) ရက် နေ့မှ စတင်၍ ဒေသတွင်းတိုက်ပွဲများ ပြန်လည် စတင်ခဲ့သည်။

ထို့ကြောင့် အပစ်အခတ် ရပ်ဆိုင်းရေးအတွက် နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များ ဇွန်လ(၃၀)ရက်နေ့ က KIO ဌာနချုပ်အနီး လဂျားယန်မြို့တွင် ပဏာမ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ သို့သော် အစိုးရဖက်မှတိကျခိုင်လုံ သည့် အထောက်အထား ပြသနိုင်မှသာ ယင်းကိစ္စ  ဆက်လက် ဆွေးနွေးမည်ဟု KIO ကတုန့်ပြန်ပြောဆို ခဲ့သော်လည်း ယနေ့အထိ တစုံတရာအကြောင်း ပြန်ကြားမှု မရှိသေးကြောင်း သိရသည်။

Most read this week