အပစ်ခတ်ရပ်စဲရေးကိစ္စ KIAနှင့် ကချင်ပြည်နယ်အစိုးရကြား ဒုတိယအကြိမ် တွေ့ဆုံ

အပစ်ခတ်ရပ်စဲရေးကိစ္စ KIAနှင့် ကချင်ပြည်နယ်အစိုးရကြား ဒုတိယအကြိမ် တွေ့ဆုံ
by -
ကချင်သတင်းဌာန

သုံးပတ်ကျော် စစ်ဖြစ်ပွားနေချိန် ကချင်လွတ်မြောက် ရေးတပ်ဖွဲ့ (KIA)နှင့် ကချင်ပြည်နယ်အစိုးရကြား ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံမှုအား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာ တွင် ဇွန် (၃၀)ရက်က ပြုလုပ်ခဲ့သည်။

“အဓိကတော့ အပစ်ခတ်ရပ်စဲရန် အတွက်ပါ၊ နှစ်ဖက် ဆိုင်းထိုးပြီး အပစ်ရပ်မယ်၊ တခြားလိုတာကိုတော့ ဆက်ပြီးဆွေးနွေးကြမယ်။” ဟု ကချင်အမျိုးသားများအတိုင်ပင်ခံ (WMR) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မှ ပြောသည်။

kia-burmese-meet
ကချင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ WMR ဥက္ကဋ္ဌ ဦးဆင်ဝါးနော်၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (UDPKS) အမျိုးသားလွှတ်တော်အမတ် ဒူဝါ ခက်ထိန်နန်တို့နှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သည်။

WMR မှလည်း KIAနှင့် မြန်မာစစ်တပ်များအနေဖြင့် ပြည်ထောင်စုကြီးနှင့် ပြည်သူလူထုအကျိုးစီးပွားကို ငဲ့ညှာထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးရရန် ဆွေးနွေးပေးစေလိုကြောင်း အချက် (၅)ချက်ဖြင့်သဘောထား ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန် (၁၇)ရက်နေ့တွင် မြစ်ကြီးနား ပြည်သူ့လွှတ်တော် အမတ် ဦးသိန်းဇော်သည် WMR ဥက္ကဋ္ဌ ဆင်ဝါးနော်၊ ကော်မတီဝင် ဒိန်ယောဇော်အိန် နှင့် ဦးဂမ်အောင်၊ လုံဂျုံဆန်မိုင် ကိုယ်စားလှယ် (၄)ဦး စေလွှတ်ကာ KIO/KIA နှင့် အပစ်ရပ်ရန် ကမ်းလှမ်းခဲ့သည်။

တွေ့ဆုံစဉ်တွင် KIO/KIAမှ ဥက္ကဋ္ဌ ဇောင်းဟရား၊ စစ်ဦးစီးချုပ် ဂမ်ရှောင်၊ ဒုစစ်ဦးစီးချုပ် ဂွမ်မော်၊ လမာကွမ်ဖန်၊ လဖိုင်လ၊ ဒုအထွေထွေအတွင်းရေးမှူး ဆင်ဝါး၊ အင်ဂန်းဇော်ခွမ်၊ ပညာရေးမှူး ဆွတ်လွတ်ဂမ်၊ လဂျောင် ခေါင်လွမ်း၊ ဗဟို ကော်မတီ ဒုအထွေထွေအတွင်းရေးမှူး ဒူကဘာထိန်နန် စသည့်ဗဟို ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး KIO/KIA အနေမူ ၎င်းတို့၏ လိုအပ်ချက်များကို ဇွန် (၁၉)ရက်နေ့တွင် စာပြန်ပေးပို့လိုက် သည်။

“မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒါမှမဟုတ် ကက(ကြည်း)က ရှေ့တန်းရောက်နေသည့် စစ်သားများအား အပစ်အခတ် ခေတ္တရပ်နားရန် ညွှန်ကြားထားသည့် အထောက်အထားပါမှ KIA ရှေ့တန်းရောက်နေသည့် စစ်သားများကို ရပ်နားခိုင်းရန် ညွှန်ကြားမည်။”

ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့များ အပစ်ရပ်ရန် ဆွေးနွေးတိုင်ပင်နေသကဲ့သို့  ဇွန် (၂၄)ရက်တွင် UDPKS ပါတီမှ အင်ဂျန်းယန် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဒွဲဘူမှ လည်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ စည်းဝေးတွင် KIA နှင့် မြန်မာစစ်တပ် ကြား ထာဝရငြိမ်းချမ်းရေးအတွက် တင်ပြတောင်းဆိုခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ သူရရွှေမန်း ထံသို့ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ငြိမ်းချမ်းရေး ဆောင်ရွက်ပေးရန် တိုက်ရိုက် အဆိုတစ်ခု တင်သွင်းထားကြောင်း ဒေါ်ဒွဲဘူမှ ဆိုသည်။

“အရင်က အပစ်အခတ်ရပ်စဲထားတော့ ကချင်ပြည်နယ် ဘယ်နေရာမဆို လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်၊ ရောင်းဝယ်နိုင်တယ်၊ လမ်းတွေ တံတားတွေလည်း ဖြစ်လာတယ်ပေ့ါ၊ အခုကျတော့ ပစ်ခတ်လာတော့ မငြိမ်းချမ်းလာတော့ဘူး၊ စိုးရိမ်ထိတ်လန့်တယ်ပေ့ါ၊ ညပိုင်းဆို ဘယ်သူမှ အပြင်မထွက်ရဲဘူး။ ရောင်းဝယ် လမ်းပန်းဆက်သွယ်ရေးလည်း ပြတ်တောက်လာတယ်။”

ဆက်ပြီး UDPKSပါတီ အနေဖြင့်လည်း ပြည်နယ်လွှတ်တော် အစိုးရအဖွဲ့များ၊ ပါတီအသီးသီးနှင့် စာပေ၊ ယဉ်ကျေးမှု ကော်မတီထံသို့ တိုက်တွန်းနိုးဆော်စာ တစ်ခု ဇွန် (၂၈)ရက်နေ့တွင် တင်ပြထားကြောင်းလည်း သိရသည်။

“ငြိ်မ်းချမ်းရေးအတွက် အမြန်ဆုံးလုပ်ဆောင်ပေးရန် နိုးဆော်ထားတယ်။ ငြိမ်းချမ်းရေးမရမချင်း နှစ်ဖက်ကို တွန်းအားပေးနေမှာပဲ။” ဟု ဒေါ်ဒွဲဘူမှ ဆက်ဆိုသည်။

Most read this week