KIA နှင့် အစိုးရတပ် အပစ်ရပ်ရေး စတင်ဆွေးနွေး

KIA နှင့် အစိုးရတပ် အပစ်ရပ်ရေး စတင်ဆွေးနွေး
by -
ဇော်ကြီး

ကချင်ပြည်နယ်တွင် အစိုးရနှင့် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO တို့ ဖြစ်ပွားနေသည့် ဒေသတွင်းတိုက်ပွဲများ ရပ်ဆိုင်းစေရန် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ပြီး  ပဏာမအဆင့် အနေဖြင့် နှစ်ဘက် အပစ်ရပ်ရေး စတင်ဆွေးနွေး ခဲ့သည်။

KIO ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့အနီးရှိ လဂျားယန်မြို့တွင် ယနေ့ နေ့လည်ပိုင်းက တွေ့ဆုံ ခဲ့ပြီး နှစ်ဘက် တပ်များအကြား အပစ်အခတ်ရပ်ဆိုင်းရေးအပါအဝင် အချက်သုံးချက်ကို အစိုးရ ဖက်က တင်ပြပြောဆိုခဲ့သည်ဟု KIO အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ယခုလို ပြောသည်။

“တပ်မတော်ဖက်ကတော့ အပစ်အခတ်ရပ်ဆိုင်းရေးကို (၁၈)ရက်နေ့က လုပ်ထားပြီးပြီဆိုတဲ့ အကြောင်း ပြောတယ်။ အဲဒါကြောင့်မို့ ခင်ဗျားတို့ KIA အဖွဲ့တွေလည်း အပစ်အခတ်ရပ်ဆိုင်းရေး လုပ်ပေးပါဆိုတဲ့ အချက်ပါတယ်။ နောက်ပြီးတော့ နှစ်ဖက် အမြဲတန်း တွေ့ဆုံ ပြောဆိုမှု ရှိနိုင်ဖို့အတွက် မြစ်ကြီးနား ဆက်ဆံရေးရုံးကို ပြန်ပြီးတော့ ဖွင့်ပေးပါဆိုတဲ့အချက်ရယ်၊ နောက်ဆုံးတခုက နိုင်ငံရေးအရ ဖြစ်လာတဲ့ ပြဿနာကို စစ်ရေးနည်းအရ မဟုတ်ဘဲနဲ့ နိုင်ငံရေးနည်းအရ ဖြေရှင်းသွားဖို့ဆိုတဲ့ အဓိကတော့ အဲဒီသုံးချက် ပါဘဲခင်ဗျ။”

အစိုးရဖက်က အပစ်အခတ် ရပ်ဆိုင်းထားသည့်ကိစ္စနှင့် ပတ်သက်၍ ခိုင်မာသည့် သက်သေအထောက် အထား ပြသနိုင်မှသာ မိမိတို့ရှေ့တန်းတပ်ဖွဲ့များအား အပစ်ရပ်ရေး ညွှန်ကြားနိုင်မည် ဟု KIO အဖွဲ့က တုန့်ပြန် ပြောဆိုလိုက်ကြောင်း ၎င်းကဆက်ပြောသည်။

“နုတ်အားဖြင့် ပြောဆိုပြီး လုပ်ခဲ့တဲ့ ကတိတွေ များနေပြီ။ အဲဒီတော့ သူတို့ဖက်က ခိုင်မာတဲ့ စာရွက် စာတမ်းနဲ့ လုပ်ပေးနိုင်တယ်ဆိုရင်တော့ ပထမအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်ဆိုင်းရေးကိုလုပ်သွားနိုင် မှာပါ။”

ယနေ့ တွေ့ဆုံမှုသည် ပဏာမ တွေ့ဆုံမှုသာ ဖြစ်သည့်အတွက် နှစ်ဖက် ကိုယ်စားလှယ်များ၏ တင်ပြချက်များကို သက်ဆိုင်ရာ အဖွဲ့ အလိုက်  ပြန်လည်ဆွေးနွေး ပြီးမှသာ နောက်ပိုင်း တွေ့ဆုံမှုကို ဆက်လက် ပြုလုပ်သွားရန် ရှိသည်ဟု သိရသည်။

KIO အဖွဲ့ဖက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သည့် အဖွဲ့ဝင် ခြောက်ဦးနှင့် အစိုးရ ဖက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော် တို့ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

လောလောဆယ်တွင် ဒေသအတွင်း အစိုးရတပ်ဖွဲ့များ လှုပ်ရှားမှု လျော့ကျလာပြီး တွေ့ဆုံရန် လာသည့် ကိုယ်စားလှယ်အဖွဲ့ လုံခြံုရေးအတွက် KIA တပ်ဖွဲ့များက လမ်းတဝက်တွင်သွားရောက်ကြိုဆိုခဲ့ခြင်း ဖြစ်သည်။ အထက်ပါအချက်များပေါ် မူတည်၍ နှစ်ဖက် ဆွေးနွေးရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိနိုင်ကြောင်း ဦးလနန်က သုံးသပ်ပြောဆိုသည်။

ယခုလ (၁၇)ရက်နေ့ကလည်း နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းရေး ဆွေးနွေးနိုင်ရန် ကချင် အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့ဥက္ကဋ္ဌ ဦးဆင်ဝါးနော် ဦးဆောင်သည့် အဖွဲ့ဝင်(၄)ဦးအား စာတိုက်ကြေးနန်းနှင့် ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်က စေလွတ်ခဲ့ပြီး ယခု အကြိမ်သည် ဒုတိယမြောက် တွေ့ဆုံခြင်းဖြစ်သည်။

ယခင်စစ်အစိုးရလက်ထက် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို KIO က လက်မခံ ငြင်းဆန် ခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေရာမှ ယခုလ (၉)ရက်နေ့ကစတင်၍ တာပိန်မြစ် ရေအား လျပ်စစ်စီမံကိန်း လုံခြံုရေး အကြောင်းပြချက်ဖြင့် ဒေသတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO သည် ယခင်စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်က စတင်၍ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Most read this week